Type Here to Get Search Results !

ကျွန်ပညာရေးစနစ်ကို လက်ခံမလား၊ ပြောင်းမလား

Photo credit - here

 ကျတော် ကိုရီးယားမှာ အလုပ်သွားလုပ်တုန်းက ဘယ်လိုပြန်ဖြေရမှန်း မသိတဲ့ မေးခွန်းတခု ကြုံရဖူးတယ်။ အဲဒီတုန်းက ကျတော်ရယ် သူငယ်ချင်းတယောက်ရယ် စက်ရုံတူကျတယ်။ မြန်မာနှစ်ယောက်ပေါ့။ ကျတော်တို့ ရောက်သွားချိန်မှာ မြန်မာလူခံမရှိဘူး။ မြန်မာဆိုလို့ ကျတော်တို့ နှစ်ယောက်ထဲရယ်။ ကျန်တဲ့ နိုင်ငံခြားသားတွေက သီရိလင်္ကာတွေ။ ပြီးတော့ ကိုရီးယား လူမ‌ျိုးတွေပေါ့။ သူဌေးက လူကောင်းမဟုတ် လူဆိုးမဟုတ် လူကပ်။ စက်ရုံမှူးက ကောင်းပါတယ်။ သူ့သားနှစ်ယောက်လည်း အဲဒီမှာပဲ ဝင်လုပ်ကြတယ်။ နိုင်ငံခြားကို စရောက်တဲ့ ကျတော်တို့အတွက် သူတို့ သားအဖတွေနဲ့ တွေ့ရတာတော့ အဆင်ပြေတယ် ပြောရမှာပဲ။ စက်ရုံမှူးရဲ့ သားအငယ်ကောင်က ကျတော်တို့နဲ့ ရွယ်တူလောက်ပဲ။

တရက်မှာ အဲဒီ တယောက်က ကျတော်တို့ကို မေးတယ်။ ကျောင်းကို ဘယ်အထိ တက်ခဲ့ရလဲတဲ့။ ကျတော်တို့က ကျောင်းပြီးပြီ ဘွဲ့ရပြီးပြီဆိုတော့ သူက အံ့ဩသွားတယ်။ သူက အထက်တန်းပဲ ပြီးသေးတယ်လို့ ပြောတယ်။ ပြီးတော့ ဆက်ပြီး ဒါနဲ့များ ဘွဲ့ရပြီးတာတောင် ဘာလို့ ဒီမှာ ဒီလိုအလုပ်တွေ လာလုပ်လဲတဲ့။ ဖြေစရာ စကားလုံး မရ‌ှိတော့ဘူး။ ဘာဖြေရမှန်း မသိတော့ဘူး။ ဘွဲ့ရတဲ့ လူငယ်တွေ အထက်တန်းပြီးတဲ့ လူငယ်တွေ အတွက် အာမခံချက် ရှိခဲ့သလား။ အားကိုးစရာရှိခဲ့သလား။ သူတို့အတွက် ရပ်တည်စရာရခဲ့သလား။ မြန်မာနိုင်ငံကနေ ဘွဲ့ရခဲ့တဲ့ လူငယ်တွေ ကမ္ဘာ့နိုင်ငံအသီးသီးကို သွားပြီး အလုပ်မျိုးစုံ လုပ်နေရတယ်။ အများစုက သူတို့ နိုင်ငံသားတွေ မလုပ်ချင်လို့ သူတို့နိုင်ငံသားတွေထက် လုပ်ခလစာ ပေးရတာ နည်းတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုတဲ့ နေရာတွေမှာ မြန်မာတွေ လုပ်ရတယ်။ တနှစ်ပြီး တနှစ် ဘွဲ့အပ်နှင်းလိုက်တဲ့ လူငယ်တွေမှာ အရည်အချင်းတွေ ပြည့်စုံပါတယ်လို့ ဘယ်နှစ်ဦးကိုများ အာမခံနိုင်လဲ။ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်တွေကို ကြည့်လိုက် အများစုက ပြည်ပမှာချည်းပဲ။ ပြည်တွင်းမှာ ရှိသူတွေကိုလည်း မေးကြည့်လိုက် သွားလို့ရရင် သွားချင်သူတွေချည်းပဲ။ ကိုယ့်နိုင်ငံမှာ ဘွဲ့လက်မှတ်ကို မိတ္တူတွဲရတာကလွဲ ဘယ်မှာလဲ ပညာရေး အာမခံချက်၊ ယုံကြည်ချက်၊ အခွင့်အလမ်း၊ ကျွန်-ပညာရေးလို့ ပြောတော့ ဒါနဲ့ ပဲ ဘွဲ့ရခဲ့တာ မဟုတ်လားလို့ ခနဲ့ကြသေးတယ်။ အဲဒါနဲ့ ဘွဲ့ရလို့လည်း မြန်မာတွေ ကမ္ဘာပတ်ပြီး အောက်ခြေသိမ်း လုပ်နေရတာပေါ့။ ပြည်ပမှာ နေရာတခုနဲ့ ရပ်တည်နေတဲ့ မြန်မာတွေ မရှိဘူး မဟုတ်ဘူး။ ရှိတယ်။ ဒါပေမယ့် အဲဒီပမာဏက မပြောပလောက်တဲ့ နည်းနည်းလေး။ မြန်မာလူငယ်အများစုကတော့ ဘွဲ့ရပြီးတာနဲ့ အိမ်မှာ ဓာတ်ပုံချိတ်၊ ကမ္ဘာပတ်ပြီး 3D (Dirty, Danger, Die) အလုပ်တွေ လုပ်နေရတာပဲ။

ဆိုတော့ ခေတ်ကာလ အ‌ခြေအနေရ ဖြစ်လာတဲ့ အနေအထားတခုမှာ ပညာရေးနောက်ကျခြင်းက အပြစ်တခုလား။ နောက်ကျ မခံဘူးဆိုးပြီး အရင်လိုပဲ ဆက်သွားမလား။ သေစာရှင်စာလောက် သင်ပေးမယ့် ပညာရေးစနစ်ကိုပဲ လက်ခံမှာလား။ ကလေးတွေ လူငယ်တွေကို ထိုးတင် အောင်ပေး၊ လက်မှတ်ပေးပြီးရင် ရိုက်သတ်လို့ မကုန် အာမခံချက် မရှိတဲ့ ဘွဲ့ရပညာမတတ်တဲ့ မျိုးဆက်တွေကိုပဲ ဆက်ပြီးမွေးမလား စဉ်းစားဖို့လိုတယ်။
မင်းဘာသာမင်း ဘွဲ့ရပြီး မတတ်တာလို့တော့ လာမပြောနဲ့။ သင်ခဲ့ရတဲ့ စနစ်ကို ပြောတာ။ ကိုယ်တကယ် လုပ်ခဲ့လား မလုပ်ခဲ့ဘူးလားဆို အချိန်မရွေး ပြန်ကြည့်လို့ရတယ်။
ပြောရရင် မြန်မာလူငယ်တွေက ဘွဲ့လေးရမှာ ကွန်ပျူတာဆိုတာကြီးကို မိတ်ဆက်သင် စာစီစာရိုက်သင်ပြီးရင် သူတို့ရဲ့ ပညာ‌ရေး နိဂုံးချုပ်သလို အလုပ်တခုကို စာစီစာရိုက်နဲ့ စောင့်နေရတာတွေက အများအပြား။ တခြားပညာအခွင့်အလမ်းတွေရော ဘယ်မှာရလို့လဲ။ စာတွေ့လက်တွေ့ကရော ဘယ်မှာလဲ။ အင်တာနက်က သင်ယူလို့ရတ‌ဲ့ ပညာဆိုတာကလည်း ခုဆို အင်တာနက်တောင် သုံးလို့ မရကြတော့ဘူး။ အဲဒီတော့ ခေတ်ကာလအရ နောက်ကျခြင်းဟာ အပြစ်တခုဆိုရင် အရင်စနစ်တွေက သိပ်များကောင်းခဲ့သလား။ ဘွဲ့ရခဲ့တဲ့သူတွေ အဆင်ပြေနေကြသလား ကြည့်ကြပေါ့။
ခုဆိုရင် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပညာရေးကွန်ရက်တွေကလည်း ကျောင်းသားလူငယ်တွေအတွက် ပညာရေး အစီအစဉ်တွေ လုပ်နေပါပြီ။ တချို့ဒေသတွေမှာ CDM ဆရာ/ဆရာမတွေနဲ့ ကျောင်တွေလည်း ဖွင့်နေကြပြီ။ ဆိုတော့ အနာဂတ်မျိုးဆက်တွေကို သေစာရှင်စာလောက်သင်ပေးပြီး ကျွန်ဇာတ်သွင်းနေတဲ့ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး စနစ်ဆိုး တော်လှန်ရေးမှာ ပူးပေါင်းပါဝင်သင့်ပါတယ်။ တော်လှန်ရေးဟာ တဦးတယောက် အဖွဲ့အစည်းတခုအတွက်မဟုတ်ပါဘူး။ အားလုံးအတွက်ပါ။ အားလုံဂကောင်းဖို့ဖြစ်ပါတယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.