Type Here to Get Search Results !

Unicode မှာ ခြေရာခံ ထောက်လှမ်းရေးစနစ်ပါသလား

Unicode မှာ ခြေရာခံထောက်လှမ်းမှု ထည့်သွင်းထားပါတယ်ဆိုပြီး ပြောနေကြမှုနဲ့ ပတ်သက်ပြီး ကျွန်တော်ဆွေးနွေးလိုပါတယ်။
ဖြစ်ရပ်လေးတခု အရင်ပြောပါမယ်။ ၂၀၁၄ - ၂၀၁၅ ခုနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။ အဲဒီတုန်းက ယူနီကုဒ်က အားမကောင်းသေးပါဘူး။ အားလုံးနီးပါ ဇော်ဂျီပဲ သုံးသလို ကျွန်တော်တို့လည်း အဲဒီအချိန်က ဇော်ဂျီပဲ သုံးနေချိန်ပါ။ ကိုရီးယားမှာ ဖြစ်တာပါ။ မြန်မာ ၂ ယောက်က Facebook ပေါ်ကို ကလေးလေး အဝတ်မပါတဲ့ပုံ အပျော်သဘောတင်ကြတာ၊ ကလေးပုံပဲ ကိစ္စမရှိဘူးဆိုပြီး တင်တာပါ။ နောက်နေ့ကျတော့ အခန်းရှေ့ကို ရဲရောက်လာပါတယ်။ သူတို့ရဲ့ လုပ်ရပ်ဟာ ကလေးသူငယ် လိင်မှုဆိုင်ရာနဲ့ ငြိစွန်းတဲ့အတွက် တရားရုံးမှာ တရားရင်ဆိုင်ဖို့ Notice စာ နဲ့ရောက်လာတယ်။ သူတို့ အဲဒီလို တင်လိုက်တဲ့အတွက် အမေရိကန်က Report နဲ့ ကိုရီးယားရဲကို အကြောင်းကြားပြီး ကိုရီးယားရဲက ဘယ်မြို့၊ ဘယ်လမ်း၊ ဘယ်အခန်းဆိုပြီး ရောက်လာတာပဲ။ ယူနီကုဒ်တွေ ဇော်ဂျီတွေကနေ ထောက်လှမ်းပြီး ရောက်လာခြင်းမဟုတ်ပါ။
ဖုန်းတွေ ကွန်ပျူတာတွေမှာ Location တွေ IP address တွေဆိုတာပါပါတယ်။ ဘယ်နေရာကနေ သုံးတယ်ဆိုတာ Location တွေ IP တွေကနေကြည့်နိုင်ပါတယ်။
နောက်တခုက SIM ပါ။ ကျွန်တော်တို့ နိုင်ငံမှာ SIM တွေကို မှတ်ပုံတင်မှုအားနည်းပြီး သုံးချင်သလို သုံးနေတာပါ။ အခြားနိုင်ငံတွေမှာ မရပါဘူး။ SIM card ကို မှတ်ပုံတင်ထားရပြီး ID နဲ့ပဲ ခွင့်ပြုပါတယ်။ ID မရှိရင် ရှိတဲ့လူရဲ့ ID cardနဲ့ ဖွင့်လို့တော့ရတယ်။ ID card ပိုင်ရှင်က အာမခံပုံစံမျိုးပဲ။ တကယ်လို့ ပြဿနာတစုံတခု ဖြစ်လာတဲ့အခါ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ ငွေကြေးလိမ်လည်မှုတွေ၊ အွန်လိုင်းကနေ သတင်းမှားတွေ လုပ်လာတဲ့အခါ IP address နဲ့ ဖုန်းနံပါတ်နဲ့ ဘယ်သူသုံးသလဲဆိုတာကို ကြည့်တယ်။ ကျွန်တော်တို့ဆီမှာ တွေ့ဖူးပါလိမ့်မယ်။ ခြိမ်းခြောက်တာတွေ ငွေလိမ်တာတွေ Viber တို့ဘာတို့ကနေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ ရှိပေမယ့်လို့ ထိရောက်အောင် အရေးယူဆောင်ရွက်ဖို့ အဆင်မပြေဘူး ဘာကြောင့်လဲဆိုတော့ ဖုန်းနံပါတ်တွေ ဖောင်းပွနေလို့ပဲ။ ဘယ်နံပါတ်ကို ဘယ်သူသုံးလို့ သုံးနေမှန်းမသိဘူး။ ဒီတကဒ်သုံး လွှင့်ပစ် နောက်တကဒ်သုံးပဲ။ ဆက်သွယ်ရေးစနစ်မှာ လုံခြုံမှုအားနည်းတယ်။

ယူနီကုဒ်အကြောင်းဆက်ရအောင်

ယူနီကုဒ်ဆိုတာက မြန်မာစာအတွက် ပေးထားတဲ့ အမည်မဟုတ်ပါဘူး။ ယူနီကုဒ်အဖွဲ့အစည်းကနေပြီးတော့ ဘာသာစကားတိုင်း အက္ခရာတိုင်းကို ဟိုတမျိုး ဒီတမျိုး မဖြစ်ရအောင် သက်ဆိုင်ရာ နံပါတ်တွေ သတ်မှတ်ပေးထားပြီး အဲဒီဘောင်အတွင်းမှာ ဝင်တဲ့ စနစ်တိုင်း စာရေးသားမှုတိုင်းကို ယူနီကုဒ်အဖြစ်သတ်မှတ်ပါတယ်။ ဥပမာ- အင်္ဂလိပ်စာလည်း ယူနီကုဒ်၊ ထိုင်းစာလည်း ယူနီကုဒ်၊ ဂျပန်စာလည်း ယူနီကုဒ် အဲဒီလိုသတ်မှတ်ပါတယ်။ စာတခုကို သူ့ဆီမှာ ပေါ်သလို ကိုယ့်ဆီမှာလည်း အမှန်တိုင်းပေါ်တဲ့ စနစ်ပါ။ ကျွန်တော့်ဆီမှာ (က)ကြီး က မိတ်ဆွေဆီမှာ (ခ)ကွေး ဖြစ်လို့ မရပါဘူး။ အဲဒီလို မတူညီရင် စက်တခုနဲ့တခု ဘယ်လိုမှ ကူးပြောင်းလို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဆက်သွယ်လို့လည်း ရမှာမဟုတ်တော့ဘူး။ ဒါကြောင့် ဘယ်စက်မှာ ဖြစ်ဖြစ် အဆင်ပြေအောင် အက္ခရာတွေကို နံပါတ်တွေ သတ်မှတ်ပေးလိုက်တယ်။ ဒီနံပါတ်အတိုင်းသွား ဘယ်စက်မှာဖြစ်ဖြစ် တူညီစွာ စာတွေပေါ်ရမယ်ဆိုတဲ့ သဘောပဲ။ အဲဒီနံပါတ်တွေ Code တွေကို နည်းပညာကုမ္ပဏီတွေက ယူသုံးရတယ်။ ဖုန်းတွေ ကွန်ပျူတာတွေမှာ ထည့်သွင်းရတယ်။ ဒါကြောင့်မို့ ဖုန်းတွေ ကွန်ပျူတာတွေမှာ Unicode ဆိုတာ တခါတည်းပါလာတယ်။ ဒီတိုင်းရေး ဒီတိုင်းသုံး Unicode keyboard နဲ့သာသုံး စာက ဟိုဘက်မြင် ဒီဘက်မြင်ပဲ။ အဲဒီ Code တွေနဲ့ သွေဖည်ပြီး ရေးလိုက်တဲ့အခါမှတေ့ာ စာတွေက မမှန်တော့ဘူး။ အဲဒီလို အခြေအနေမျိုးမှာတော့ ဟိုဘက်ဒီဘက် စာတွေ ဖတ်လို့ရဖို့ font စနစ်နဲ့မှန်အောင် ပြန်ပြောင်းဖတ်ရတယ်။ ကြားခံ ထပ်သုံးရတဲ့ သဘောပဲ။ Unicode စနစ်မှာက ကြားခံမလိုဘူး။ ကျွန်တော့် ဖုန်းမှာ (က)ကြီးပေါ်သလို မိတ်ဆွေရဲ့ ဖုန်းမှာလည်း က(ကြီး )ပဲ ပေါ်ပါတယ်။ ကျွန်တော့ဆီမှာ (ကြွေး)ဆို မိတ်ဆွေဆီမှာလည်း (ကြွေး)ပဲပေါ်မယ်။ မတူဘူးဆိုရင် ဆက်သွယ်လို့ မရဘူး။ ဒါကြောင့် တူညီစွာ မြင်ရဖို့အတွက်ရယ် အခြားဘာသာစကားတွေနဲ့ မငြိစွန်းဖို့အတွက်ရယ် ဆိုင်ရာ code တွေကို သတ်သတ်မှတ်မှတ်ထားပေးရတယ်။ အဲဒါကို Unicode လို့ခေါ်ပါတယ်။ အရင်တုန်းက ကြုံဖူးတဲ့လူတွေရှိမှာပါ။ ဥပမာပေးရရင် ဖုန်းထဲကို zawgyi မထည့်ရသေးချိန်တို့ Browserတွေမှာ font setting ကို zawgyi one မထားချိန်တို့မှာ မြန်မာစာလုံးတွေကို ပဲပင်ပေါက်တွေပဲ မြင်ရတာဟာ စက်တွေက သိတဲ့ code တွေနဲ့ ကျွန်တော်တို့ သုံးတဲ့ code က လွဲနေလို့ ဖြစ်ရတဲ့အကြောင်းပါပဲ။
ချုပ်ရရင်တော့ Unicode ဆိုတာ ဘာသာစကားတွေ အက္ခရာတွေကို Device တိုင်းမှာ တူညီစွာ မြင်ရဖို့ရယ်၊ ဘာသာစကားတခုနဲ့တခု မငြိစွန်းပဲ တွဲဘက်သုံးစွဲတဲ့အခါမှာလည်း အဆင်ပြေဖို့ရယ် သက်ဆိုင်ရာ Code တွေ သတ်မှတ်ပေးထားတာပဲဖြစ်ပါတယ်။ ဖုန်းတွေ ကွန်ပျူတာတွေမှာလည်း Unicode က ရှိပြီးသားပါဝင်ပြီးသား ဖြစ်ပါတယ်။
ထောက်လှမ်းရေး စနစ်တို့ လုံခြုံရေးနစ်တို့ဆိုတာကတော့ ဖုန်းတွေ ကွန်ပျူတာတွေမှာ သက်ဆိုင်ရာ နံပါတ်တွေ၊ Location Access တွေ IP ဆိုတာ ရှိပါတယ်။ အဲဒီ နံပါတ်တွေက Sever တွေ Gateway တွေကို အဆင့်ဆင့်ဖြတ်ကျော်ပြီးတော့ Internet ဆိုတာကြီးနဲ့ ကျွန်တော်တို့ကြားမှာ ဆက်သွယ်မှုရရှိတာဖြစ်ပါတယ်။ အဲဒါတွေကို သေချာအတည်မပြုနိုင်ရင် အသုံးပြုခွင့် ယာယီပိတ်တာတွေ ဥပမာ-facebook acc lock ကျတယ်ဆိုတာ မျိုးတွေ Google search မှာ အပိတ်ခံရတာတွေ ဖြစ်တတ်တယ်။ မနက်ပိုင်းမှာ ကျွန်တော်က ရန်ကုန်မှာ ရှိနေတယ်ပေါ့ နေ့လည်ကျတော့ ကျွန်တော် မန္တလေးရောက်ပြီး Facebook ဖွင့်လိုက်တယ်။ Location က မတူတော့ဘူး။ ဒီအခါမှာ facebook တို့လို sever တွေက အကောင့်ကို မသင်္ကာပဲ ယာယီပိတ်ပစ်တတ်ပါတယ်။ ကွန်ပျူတာကနေ နောက်တခု ဖုန်းတခုကနေ နောက်တခုကို အကောင့်သွားဖွင့်တဲ့အခါမှာ ပိုသိသာပါတယ်။ ဒါဟာ ကျွန်တော်တို့ ရေ;ထားတဲ့ ဇော်ဂျီတွေ ယူနီကုဒ်တွေကြောင့် မဟုတ်ပဲ Location တွေ IP တွေကနေ သွားတယ်ဆိုတာပါပဲ။
ဒါကြောင့်မို့ Zawgyi တို့ Unicode ဆိုတာ မြန်မာစာ ဘာသာစကား အတွက် စာစီစာရိုက်စနစ်သာသာပဲ ရှိပါတယ်။ ထောက်လှမ်းရေးစနစ်ဆိုတာမျိုးတွေကတော့ ဆက်သွယ်ရေးစက်တွေတိုင်းမှာ လုံခြုံရေးစနစ်အရ Location တွေ IP address တွေက ပါဝင်ပြီးဖြစ်ပါတယ်။
သူရိန်

Post a Comment

2 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.
  1. မျှဝေမှုအတွက် ကျေးဇူး ပါရှင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါခင်ဗျ

      Delete