Type Here to Get Search Results !

ဝိရာမနှင့် စာရိုက်ခြင်းမိတ်ဆက်

ဝိရာမနှင့် စာရိုက်ခြင်းမိတ်ဆက်


အခု ကျွန်တော်တို့က စနစ်သစ်တခုကို စတင်ကူးပြောင်းတဲ့အချိန်ဆိုတော့ အတန်းသစ် သင်ရိုးသစ်တွေကို စတင်လေ့လာရတဲ့ ကျောင်းသားသစ်လေးတွေလိုပေါ့ အဲဒီတော့ သင်ယူစူးစမ်းရမှာ မကြောက်ပါနဲ့
ခုလည်း စတင်ကူးပြောင်းမှုမှာ စာရိုက်တဲ့အခါ အဆင်ပြေဖို့အတွက် ဖွဲ့စည်းမှုနဲ့နည်းလမ်းတွေကို ဆွေးနွေးပါဦးမယ်
ဒီအခါမှာ ကျတော်တို့ အနေနဲ့ Auto ရတာတွေ၊ အသင့်သုံး စာလုံးထပ်တွေနဲ့ ဘယ်လိုစာလုံးကို ဘယ်လိုပေါင်းတယ်ဆိုပြီး ++ တွေနဲ့ မှတ်တာကို ခဏမေ့ထားလိုက်ပါ။
ပထဆုံး စတင်ပြောင်းသုံးတဲ့လူတွေကို ပြောပြချင်တာက
  1. Unicode စနစ်မှာ မြန်မာစာ သင်ပုန်းကြီးနည်းအတိုင်း စာရိုက်ရပါတယ်။ ပြောရရင် ကျွန်တော်တို့ စာရေးသလိုပဲ ရေးရတယ်။ ဗျည်းကို အရင်ရိုက်ပြီးမှ ယပင့်(ျ)တို့ ရရစ်(ြ) တို့ ရိုက်ရပါတယ်။
  2. နောက် သိထားသင့်တာက ဝိရာမ လို့ ညွှန်းခေါ်တဲ့ key လေးပါ။ စာလုံးဆင့်တဲ့ key ဖြစ်ပါတယ်။ ကွန်ပျူတာလက်ကွက် (F) နေရာ၊ ဖုန်းမှာရိုက်ရင်လည်း လက်ကွက်အများစုရဲ့ (F) နေရာမှာ ရှိပါတယ်။ အောက်မှာ ပုံနှင့် ဖော်ပြထားပါတယ်။ Shift ကိုနှိပ်ပြီး သူ့ကိုနှီပ်ရပါတယ်။
  3. စာလုံးဆင့်ဆိုတာ ဘာလဲ။ ကျွန်တော်တို့ မြန်မာစာမှာ စာလုံးဆင့်ဆိုတာ ရှေ့အက္ခရာရဲ့ အသတ်များကို နောက်အက္ခရာပေါ် ဆင့်ပြီး သုံးလေ့ရှိပါတယ်။
ဥပမာ- မေတ္တာ ဆိုပါတော့ (မေ)ရဲ့ အသတ်ဖြစ်တဲ့ (တ်) နောက် အက္ခရာ ပေါ်မှာ ဆင့်ပြီးရေးလိုက်တာ
  • အဲဒီတော့ ကျွန်တော်တို့ စာရေးတဲ့အခါ ဘယ်လိုရေးလဲဆိုတော့ (မေတ)လို့ရေးပြီး (ဝိရာမ)နှီပ် အောက်ဆင့်မယ့် (တာ) ကိုရေးပါတယ်။
ဥပမာ- သင်္ဘော ဆိုပါတော့ (သ)ရဲ့ (င်)ကို နောက်အက္ခရာ(ဘ) ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ အဲဒီတော့ (သင်)လို့ရေးပြီး (ဝိရာမ)နှိပ်ပြီး (ဘော)လို့ ရေးလိုက်တာနဲ့ သင်္ဘော ဖြစ်ပါတယ်။
ဥပမာ - အင်္ဂါ (အ)ရဲ့ (င်) ကို (ဂါ)ပေါ်တင်ထားခြင်းဖြစ်ပါတယ်။ (အင်)လို့ ရေးပြီး (င်)ရဲ့အောက်ချချင်တာဖြစ်တဲ့အတွက် (ဝိရာမ)နှိပ် (ဂါ)ရေးရင် အင်္ဂါရပါမယ်။
ဥပမာ - အိန္ဒြေ ဆိုပါတော့၊ မရှင်းရင် စကားလုံးကို ခွဲကြည့်ပါ (အိန်)နဲ့ (ဒြေ) မှာ (ဒြေ) ကို (န်)အောက်မှာ ထပ်ထားတာဖြစ်ပါတယ်။
ဒီတော့ ရေးတဲ့အခါ (အိန)ရေးပြီး (ဝိရာမ)နှိပ်ပြီး (ဒြေ)လို့ ရေးတာနဲ့ အိန္ဒ​ြေရပါမယ်။
စာလုံးဆင့်တွေ ရေးတဲ့အခါမှာ သူ့အောက်မှာ အက္ခရာရှိတဲ့အတွက် ငသတ်(င်)က လွဲရင် ကျန်တဲ့ (ပသတ်) (မသတ်) (နသတ်) (ဉကလေးသတ်) စသည်တို့မှာ အသတ်(်) တင်စရာမလိုပါ။ စောစောက အိန္ဒြေ လိုများမှာလည်း (န)မှာ အသတ်မတင်ရပါ။
နောက် လိမ္မာ၊ သစ္စာ၊ ခတ္တာ၊ ဝတ္ထု စတဲ့ စာလုံးဆင့်မှန်သမျှမှာ အပေါ်စာလုံးတွေက အသတ်တွေပါပဲ။ သူတို့ကို ချရေးတဲ့အခါမှာတော့
လိမ္မာ
(လိမ)လို့ရေးပြီး (ဝိရာမ)ခံကာ (မာ)ကိုရေးပါတယ်
သစ္စာ
(သစ)လို့ ရေးပြီး (ဝိရာမ)ခံကာ (စာ)ကို ရေးပါတယ်
ခတ္တာ
(ခတ)လို့ရေးပြီး (ဝိရာမ) ခံကာ (တာ) ကို ရေးပါတယ် - စာလုံးဆင့်တွေသည် ဒီသဘောအတိုင်းပါပဲ။ (ရေးချတွေကို နောက်မှ တပ်ရခြင်းက ရေးချတွေသည် အောက်က အက္ခရာနှင့်သာ သက်ဆိုင်တာကြောင့် ဖြစ်ပါတယ်)
ဖွဲ့စည်းမှုအရ သိထားသင့်တဲ့ စကားလုံးတွေကတော့
  • (ဋ္ဌ) လည်ရစ်ပါသော ဌဝမ်းဘဲ
  • (ဏ္ဍ) (ဏ်)နှင့် (ဍ)ကိုထပ်ထားခြင်း
  • (ဏ္ဌ) (ဏ်)နှင့် (ဌ) ကိုထပ်ထားခြင်း
  • (ဩ) (အော)ဟုအသံထွက်တဲ့ (ဩ)သရ
(ဋ္ဌ) သည် ရိုးရိုးအက္ခရာမဟုတ်ပါ အသတ်နှင့်ဗျည်း ဆင့်ထားသော ပါဌ်ဆင့် ဖြစ်ပါတယ်။ (ဋ်)နှင့် (ဌ) ကို ဆင့်ထားခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌ၊ ဒိဋ္ဌ၊ အဋ္ဌမ၊ အဘိဓဇမဟာရဋ္ဌဂုရု စသည့် စာလုံးပေါင်းတွေမှာ သုံးပါတယ်။ (ရှေ့တွင် အက္ခရာမရှိပဲ မသုံးရ) သူ့ကို ရိုက်တဲ့အခါမှာ (ဋ)ကိုရိုက်ပြီး (ဝိရာမ)ခံ (ဌ)ကိုရိုက်ရင် (ဋ္ဌ)ရပါမယ်။
(ဏ္ဍ) သည် သီးသန့်စကားလုံးမဟုတ်ပါ။ (ဏ်)နှင့် (ဍ)ကို ထပ်ထားခြင်းဖြစ်ပါသည်။
ကဏ္ဍ၊ ပဏ္ဍိတ၊ ဘဏ္ဍာ စသည်တို့တွင်သုံးသည်။
သူ့ကို ရိုက်တဲ့အခါမှာ (ဏ)ရိုက်ပြီး (ဝိရာမ)ခံ (ဍ) ရိုက်ရင် (ဏ္ဍ)ရပါမယ်။
(ဏ္ဌ) သည်လည်း သီးသန့်စကားလုံးမဟုတ်ပါ။ (ဏ်)နှင့် (ဌ) ကို ထပ်ထားခြင်း ဖြစ်သည်။
ပုံဏ္ဌာန် ကဲ့သို့သော စကားလုံးမျိုးမှာ သုံးပါတယ်။
သူ့ကို ရိုက်တဲ့အခါ (ဏ)ရိုက်ပြီး (ဝိရာမ)ခံပြီး (ဌ)ရိုက်ရင် (ဏ္ဌ) ရပါတယ်။
(ဩ)သည် (သ)အက္ခရာကို ရရစ်(ြ) တပ်ထားခြင်းမဟုတ်ပါ။ မြန်မာသရ (၂၂)လုံးထဲမှာ ပါတဲ့ သရတခုဖြစ်ပါတယ်။ (အော)ဟု အသံထွက်ပါတယ်။ လက်ကွက်တွင် (ဩ) (ဪ)ဟု သီးသန့် ပါရှိတဲ့အတွက် (သ)ကို ရရစ်(ြ)တပ်၍ မရိုက်သင့်တဲ့ စကားလုံးဖြစ်ပါတယ်။ မရိုက်သင့်တဲ့အကြောင်းကတော့ အသံထွက်ခြင်း မတူတာကြောင့်ဖြစ်ပါတယ်။ (သ)ကို ရရစ်(ြ)တပ်၍ ရေးထုံးမရှိပါ။ (သ)ကို ယပင့်(ျ) တပ်၍တ​ော့ သျှား၊ သျှံ၊ သျှိုင်း၊ သျှီဝ ဟု သုံးနှုန်းတာတော့ ရှိပါတယ်။

အသတ်ဆင့်တွေ၊ စာလုံးဆင့်တ​ွေနဲ့ ပါဌ်ဆင့်တွေကို သူ့ရဲ့ ဖွဲ့စည်းမှုအတိုင်း ရိုးရိုးလေးပဲ တွေးပြီး စာလုံးဆင့်တွင် အပေါ်စာလုံးသည် ရှေ့အက္ခရာရဲ့ အသတ်ဖြစ်တယ်ဆိုတာကို သိထားပြီး (ဝိရာမ)ခံပြီး အောက်ချမယ့်စာလုံးကို ရိုက်လိုက်မယ်ဆိုရင် လွယ်ကူမှာပါ။

ပုံများတွင် (ဝိရာမ) key ရှိတဲ့နေရာတွေကို အနီရောင်နဲ့ကွင်းပြထားပါတယ်။ Keyboard အားလုံးနီးပါ တူပါတယ်။ shift နဲ့တွဲသုံးပါ။
မြန်စံလက်ကွက်ပုံစံ
Gboard လက်ကွက်ပုံစံ
TT လက်ကွက်ပုံစံ

ကျေးဇူးတင်ပါတယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.