Type Here to Get Search Results !

ခွဲခြားမှုနှင့် ကွဲပြားမှုများ



လူဖြူလူမဲခွဲခြားမှုဆိုလို့
သမိုင်းမှာ လူဖြူလူမဲ ခွဲခြားရေးဟာလည်း အမဲစက်ကြီးတခုဖြစ်ခဲ့တယ်။ လူဖြူကြီးစိုးရေးဝါဒီတွေရဲ့ ရက်စက်မှုတွေနဲ လူမဲတွေကြုံရတဲ့ ခါးသီးမှုတွေကလည်း ကြီးမားခဲ့တယ်။ ဇာတိမြေမှာ အေးချမ်းစွာနေတဲ့ လူမဲတွေကို လူဖြူတွေက သင်္ဘောတွေနဲ့ဖမ်းတယ်၊ အလုံပိတ်သင်္ဘောဝမ်းဗိုက်တွေထဲထည့်ပြီး ကျွန်ဖြစ် ရောင်းစားဖို့ ခိုင်းစေဖို့ ဖမ်းကြတယ်။ သင်္ဘောဝမ်းဗိုက်ထဲမှာ အစားမစားရ၊ လေကောင်းစွာ မရှုရတာကြောင့် အဲဒီလို သယ်ဆောင်လူမဲတွေ များစွာ သေဆုံးရပြီး၊ သင်္ဘောဆိပ်ရောက်ရင် ခေါ်လာတဲ့ လူမဲတဝက်လောက်ပဲ အသက်ရှင်လျက် ရတယ်။ လမ်းမှာ သေသွားတဲ့ လူမဲတွေကိုလည်း ဒီတိုင်းရေထဲ ပစ်ချလိုက်တာပဲ၊ ဆွေမျိုးမရှိဘူး၊ ငိုမယ့်လူမရှိဘူး။ သေသွားတဲ့ လူမဲ ဘယ်သူဘယ်ဝါဆိုတာတောင် မသိလိုက်ရတဲ့ ဖြစ်ရပ်တွေများစွာ။
နောက် ကျွန်အဖြစ်ရောင်းစားတယ်။ အဲဒီလူမဲတွေဟာ သေတဲ့အထိ လယ်ထဲယာထဲမှာ ကျွန်အဖြစ်လုပ်ကိုင်သွားရတယ်။ မသေရုံတမယ်ပဲ စားသောက်ရတယ်၊ လုပ်ခလစာဆိုတာ မရှိဘူး။ ပိတ်ရက်နားရက်မရှိဘူး။ သိပ်ကိုသဘောကောင်းလွန်းတဲ့ လူဖြူသခင်မျိုးတွေ့မှသာ အစားကောင်းကောင်းစားရ တရက်တလေ နားရတယ်။ လူအဖြစ်တောင် တန်းမဝင်တဲ့ ဖြစ်ရပ်တွေ ဘဝတွေ များစွာရှိခဲ့တယ်။ ဒီလို ကြမ်းတမ်းလှတဲ့ ဖြစ်ရပ်တွေ ခါးသီးမှုတွေက သမ္မတလင်ကွန်းလက်ထက်မှာ လူမဲကျွန်စနစ်ကို ဖျက်သိမ်းတော့မှ အဆုံးသတ်သွားတယ်။ ပြေလည်စွာနဲ့ အဆုံးသတ်တာတော့ မဟုတ်ဘူး။ လူမဲကျွန်စနစ်ကိုလိုလားတဲ့ လူဖြူကြီးစိုးရေးဝါဒီ တောင်ပိုင်းနဲ့ ကျွန်စနစ်ကို ဖျက်သိမ်းလိုတဲ့ မြောက်ပိုင်းတို့ ပြည်တွင်းစစ်အကြီးအကျယ်ဖြစ်ပြီး တောင်ပိုင်းက ရှုံးတဲ့အတွက် ပြည်တွင်းစစ်အဆုံးသတ်သွားသလို ကျွန်စနစ်လည်း ဖျက်သိမ်းလိုက်နိုင်ခဲ့တယ်။ သမ္မတလင်ကွန်းလည်း အဲဒီအကြောင်းနဲ့ပဲ လုပ်ကြုံခံရတယ်။ လူမဲကျွန်စနစ် ပျက်သွားပေမယ့် လူဖြူကြီးစိုးရေးဝါဒီတွေ၊ ခွဲခြားမှုတွေကတော့ အဆုံးသတ်မသွားဘူး။ လူဖြူကြီးစိုးရေးသမားတွေကတော့ ရှိနေတုန်းပဲ။ လူမဲတွေကို တန်းမတူဘူးလို့ သဘောထားတဲ့ လူတွေကတော့ ရှိတုန်းပါပဲ။ ခုဆို အဲဒီလို လူဖြူလူမဲ ခွဲခြားမှု အမြင်သဘောထားကနေ လောင်မြိုက်တဲ့ မီးတစက အရေးအခင်းတခုအဖြစ်တောင် လောင်မြိုက်နေပြီ။
နောက် လူဖြူလူမဲ ခွဲခြားရေးက အမေရိကန်ပြည်ထောင်စုမှာတင် မဟုတ်ဘူး။ တောင်အာဖရိကနိုင်ငံမှာလည်း လူဖြူလူမဲ ခွဲခြားရေး၊ လူဖြူတွေသာ ကြီးစိုးရေး သမိုင်းရှိတယ်။ လူဖြူတွေပဲ အုပ်ချုပ်သူ လူတန်းစားဖြစ်ပြီး၊ လူမဲတွေ မဲပေးခွင့် မရှိခဲ့ဘူး။ လူမဲတက်ကြွလှုပ်ရှားသူခေါင်းဆောင် မင်ဒဲလားကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ချတယ်။ တကျွန်းပို့တယ်။ သမ္မတဒီကလပ်တက်လာတော့မှ လူမဲခေါင်းဆောင် မင်ဒဲလားကို လွှတ်ပေးပြီး လူဖြူလူမဲပူးပေါင်းရေးကို ကြေညာခဲ့တယ်။ နောက်တော့ မင်ဒဲလား သမ္မတဖြစ်လာတယ်။
မြန်မာနိုင်ငံမှာလည်း လူမျိုးရေး ခွဲခြားမှု အနည်းနဲ့အများတော့ ရှိတယ်။ တိုင်းရင်းသားတွေရဲ့ အမြင်မှာလည်း ဗမာကြီးစိုးၒါဒ၊ ဗမာလူမျိုးကြီးဝါဒကို ထူထောင်နေတယ်လို့ မြင်ကြတယ်။ အဲဒီလိုမြင်အောင် ဖြစ်ရပ်တွေက အများအပြားရှိခဲ့တာပါပဲ။ မှတ်ပုံတင် ထုတ်ပေးတာကအစ နယ်မြေ၊ လူမျိုး အပေါ်မှာမူတည်ပြီး မှတ်ပုံတင်ရမှု မရမှုက ကွာခြားတယ်။ စစ်ပွဲတွေ ကြုံတွေရမှုမှာလည်း တိုင်းရင်းသားတွေက စစ်ဘေးဒဏ်ကို ခံရတယ်၊ စစ်တလင်းဖြစ်ရတယ်ပေါ့။ ကွဲပြားမှု၊ ခွဲခြားမှုတွေကနဲ့ ရတဲ့ ဒဏ်ရာဒဏ်ချက်တွေကတော့ အများအပြားပါပဲ။ လူဖြူလူမဲ၊ ဇာတ်နိမ့်ဇာတ်မြင့်၊ တော်ဝင်မျိုးနဲ့ အုပ်ချုပ်ခံလူတန်းစားစသဖြင့် ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက် နာကြည်းမှုတွေ၊ ပဋိပက္ခတွေကတော့ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူး။



သူရိန်

လူမဲကျွန်စနစ်နဲ့ ပတ်သက်လို့ လူမဲတွေကြုံရတဲ့ ခါးသီးမှုကို ပီပြင်စွာ ပုံဖော်ထားတဲ့ Roots (ဇာစ်မြစ်)စာအုပ်ထဲမှာ ဖတ်ကြည့်နိုင်ပါတယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.