Type Here to Get Search Results !

နှစ်ဘက်မြင်



  1. ယာဉ်တွေဝယ်တယ် မော်တော်ယာဉ်ဂိုဒေါင်ထဲ ထိုးထားတယ်။ မော်ဒယ်နိမ့်မှ နှစ်တွေကြာမှ ထုတ်သုံးခွင့်ပြုတယ်။ မသုံးတဲ့စက် သံချေးတက်ဆိုသလိုပဲ ယာဉ်တွေက မသုံးရဘဲ ဟောင်းသွားတယ်။ သံဂွေနဲ့ ဖြုတ်လဲတာနဲ့၊ ဘတ္တရီတွေ မရှိတော့တာနဲ့ အသစ်ဝယ်တဲ့ကား အစုတ်ဖြစ်မှ ထုတ်သုံးတယ်။
  2. ကွန်ပျူတာတွေဝယ်တယ် ဆက်စပ်ပစ္စည်းတွေဝယ်တယ်။ ဂိုဒေါင်ထဲ ထည့်သိမ်း။ နှစ်တွေကြာဟောင်းမှ ထုတ်ပေးတယ်။ တချို့ကွန်ပျူတာ‌တွေ update မရတော့၊ စက်တွေ အတွက် Driver တွေ ရှာရမလွယ်တော့၊ မသုံးဘဲထားတော့ Board အငွေ့ရိုက်ပြီး ပျက်စီးကုန်တာနဲ့ ကြွက်ကိုက်တာနဲ့၊ update မရတာနဲ့၊ ကိုက်ညီတဲ့ Driver ရှာမရလို့ အပြည့်အဝ သုံးမရတာတွေနဲ့ အလကားတွေ ဖြစ်ကုန်တယ်။
  3. နိုင်ငံတော်ဘဏ္ဍာ ဘီလျံချီအကုန်အကျခံဝယ်တဲ့ ပစ္စည်းတွေက ကြွက်ကိုက်တာနဲ့၊ ဖြုတ်လဲ ခံရတာနဲ့ အလေအလွင့်ဖြစ်ကုန်တာက အများအပြား။

  4. တဘက်မှာလည်း အမှိုက်ပုံးတွေ ချပေးတယ်။ နောက်နေ့ အဲဒီအမှိုက်ပုံး အကောင်းအတိုင်း မရှိတော့ဘူး။ လေ့ကျင့်ခန်းလုပ်ဖို့ ခုံတွေစက်တွေ လုပ်ပေးထားတယ်။ နောက်နေ့ အဲဒီခုံတွေကို မရမက နှဲ့ဖြုတ်ထားတယ်။ ရိုက်ချိုးထားတယ်။ အမှိုက်မပစ်ရပါလို့ ရေးထားတယ်။ အဲဒီနေရာကို အမှိုက်ပုံသွားတယ်။ ရထားတွဲသစ်တွေ ထုတ်တယ်။ ကုန်စိမ်းတွေ တင်ကြတယ်။ အများပြည်သူနေရာတွေမှာ အလှဆင်ထားတယ်။ မရမက တက်ဖြုတ်တယ်။ သန္တာကျောက်တန်းပေါ်တယ်။ ကိုယ့်အိမ်သယ်ဖို့ သွားချိုးတယ်။ နိုင်ငံအတွက် ဝင်ငွေရနိုင်တဲ့ ခရီးသွားလုပ်ငန်းတခု ပေါ်လာနိုင်တဲ့ အလှအပနေရာတခု ပေါ်လာတယ်။ တခါတည်းသွားပြီး အမှိုက်တွေ ပစ်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ အဲဒီနေရာလည်း အမှိုက်တွေကြားမှာ ပျောက်သွားတယ်။

  5. နိုင်ငံနဲ့ နိုင်ငံသားတွေ
  6. အစိုးရနဲ့ ပြည်သူကြားမှာ အပြန်အလှန် ထိန်းကျောင်းမှု လေးစားမှု စောက်ရှောက်မှု မရှိဘဲနဲ့ နိုင်ငံတခုက ရှေ့ကို ဘယ်လိုသွားမှာလဲ။ အခွန်ဆောင်တဲ့သူတွေကလည်း အခွန်ကို မှန်မှန်ကန်ကန်ဆောင်သလို ဒီဘဏ္ဍာငွေတွေကို စီမံတဲ့သူတွေကလည်း သေချာစီမံပေးမှ နိုင်ငံက ချောင်လည်မှာပေါ့။ အခွန်ဆောင်တဲ့လူတွေကလည်း ဆောင်ချင်သလောက်ပဲ ဆောင်မယ်၊ စီမံ‌တဲ့လူတွေကလည်း လုပ်ချင်တာလုပ်မယ်၊ ဝယ်မယ် ချောင်ထဲထိုးမယ်ဆိုရင် နိုင်ငံက မွဲပြီးရင်း မွဲမှာပဲ။ အစိုးရချည်းပဲ မရဘူး။ ပြည်သူချည်းပဲလည်းမရဘူး။ အပြန်အလှန်ထိန်းကျောင်းမှု ရိုင်းပင်းမှုတွေ လုပ်ကြရမှာပေါ့။ နိုင်ငံ၊ မြို့တော် စည်ပင်သာယာမှုအတွက် လုပ်ပေးလိုက်ရင်း နောက်နေ့ မရှိတော့ရင်း၊ ဘဏ္ဍာငွေတွေ အကုန်အကျခံ ဝယ်ပြီး ချောင်ထိုး နောက်တော့ အလကားဖြစ်သွားရင်းနဲ့သာဆိုရင် အချိန်တွေသာကုန် မျိုးဆက်တွေသာ တဆက်ပြီးတဆက်ပြောင်းသွားမယ်။ နိုင်ငံကဘာမှ တိုးတက်လာမှာ မဟုတ်ဘူး။ စီမံတဲ့လူတွေမှာ ငါတို့ ဒီလိုလုပ်လိုက်ရင် ငွေအလကားဖြစ်ကုန်မယ်၊ ဒီလိုဝယ်ပြီး ချောင်ထိုးထားရင် ငွေကုန်တာပဲ ရှိမယ်ဆိုတဲ့ အသိ၊ နိုင်ငံသား (နိုင်ငံသားအားလုံး) ဒီအမှိုက်ပုံးလေးကအစ နိုင်ငံ့ငွေကြေးထဲက ဝယ်ထားရတာ၊ ငါတို့ ဒီနေရာမှာ စည်းမဲ့ကမ်းမဲ့ အမ‌ှုိက်ပစ်ရင် ဒီနေရာက ခရီးသွားလုပ်ငန်း ပျက်စီးသွားနိုင်တယ်ဆို အသိမျိုး၊ အသိစိတ်ဓာတ်တွေလည်း ရှိဦးမှ နိုင်ငံက ခံသာမယ်။ နိုင်ငံတခုကို ကာကွယ်တယ်ဆိုတာ လက်နက်တခုတည်း ကာကွယ်လို့ ရတာမှ မဟုတ်ဘဲ။ လက်နက်တခုတည်း ကာကွယ်တဲ့ခေတ်က ကုန်းဘောင်ခေတ်မှာ ကျန်ခဲ့ပြီ။ ကိုယ့်နိုင်ငံရဲ့ အဆင့်အတန်း၊ နာမည်၊ စိတ်ဓာတ်၊ ယဉ်ကျေးမှု အများကြီး လုပ်ရမယ်။ ယဉ်ကျေးမှုဆိုတာကလည်း လည်ကတုံး၊ ရင်ဖုံး၊ လုံချည်ဝတ်တဲ့ ယဉ်ကျေးမှုကို ဆိုလိုတာမဟုတ်ဘူး။ တဦးနဲ့တဦး လေးစားမှု၊ ရိုင်းပင်းမှု၊ လူအဖြစ် သိတတ်မှုကို ဆိုလိုတာ။
  7. တရုတ်နဲ့ အခြားနိုင်ငံတွေ မြန်မာကို ဘာကြောင့်မျက်စိကျလဲ။ မြန်မာဟာ မြေနေအထားအရ ကုန်သွယ်ရေးဇုန်ဖြစ်နိုင်လို့ ကုန်းကြောင်း၊ ရေကြောင်းတွေ ပြည့်စုံလို့ မျက်စိကျကြတယ်။ တဘက်မှာလည်း တွင်းထွက် သယံဇာတက ရှိနေပြန်တယ်။ သဘာဝဓာတ်ငွေ့ကလည်း ထွက်ပြန်တယ်။ ကျောက်စိမ်း၊ ကျွန်းသစ်ကလည်း ထွက်ပြန်တယ်။ ဒါပေမယ့် အဲဒါတွေမြန်မာတွေ ရလားဆိုတော့ မရဘူး။ နည်းလမ်းအမျိုးမျိုးနဲ့ ပြည်ပတိုင်းပြည်ကို ရောက်ကုန်တယ်။ ဒါတွေကို ကိုယ့်ဆီမှာ အဆင့်မြင့်ကုန်ချော ထုတ်လုပ်နိုင်ဖို့ နည်းပညာမရှိသလို အသိပညာလည်း မရှိဘူး။ သူများနိုင်ငံတွေကပဲ ရကုန်တယ်။ ကိုယ့်နိုင်ငံထဲ နည်းပညာ အသိပညာမရှိတော့ အလုပ်ကောင်းကောင်းမရှိဘူး။ အလုပ်မကောင်းတော့ လစာမကောင်းဘူး။ အဲဒီတော့ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ ပြည်ပရောက်ကုန်ပြီး သူများနိုင်ငံမှာ လုပ်နေကြရတယ်။ ကောင်းကောင်း ထုတ်နိုင်တဲ့ စက်ရုံမရှိဘူး။ Made in Myanmar products မရှိဘူးပေါ့။ ဘာတွေရှိလဲ မြေတွေရှိတယ်။ လယ်တွေရှိတယ်။ ကမ္ဘာမှာ မြန်မာနိုင်ငံက ၄၀ ခု‌မြောက် အကြီးဆုံးနိုင်ငံ။ ဖွံ့ဖြိုးပြီး နိုင်ငံစာရင်းထဲ ဝင်သွားပြီ ဖြစ်တဲ့ တောင်ကိုရီးယားအကျယ်အဝန်းက မြန်မာနိုင်ငံရဲ့ ရှမ်းပြည်လောက်တောင် မကျယ်ဘူး။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကလည်း ရှမ်းပြည်လောက်ပဲ။ လူဦးရေက မြန်မာထက် ၃ ဆကျော်များတယ်။ ဟုတ်ပြီ- လယ်တွေရှိတယ်။ စိုက်ပျိုးရေးနဲ့ နိုင်ငံကို ဆွဲတင်နိုင်လားဆိုတော့လည်း မတင်နိုင်ဘူး။ အိန္ဒိယကို ပဲ အချို့နဲ့ တရုတ်ကို ဆန်နဲ့ အသီးအနှံအချို့ တင်ပို့နိုင်တာကလွဲရင် စိုက်ပျိုးရေးနဲ့ ခေါင်းထောင်နိုင်တဲ့ အနေအထားမဟုတ်ဘူး။ လုပ်လိုက်တဲ့ သုတေသနတွေ၊ စီမံချက်တွေ၊ စံပြတွေဆိုတာလည်း တကယ် အကျိုးဖြစ်ထွန်းလောက်တဲ့ အထိ မဟုတ်ဘူး။ အားလုံးက ကြက်ဆူပင်စိုက်သလိုပဲ အလကားပဲ။ ပေါများတဲ့ ‌မြေယာတွေဆိုတာလည်း တပ်ပိုင်မြေ၊ နိုင်ငံပိုင်မြေ၊ ဆည်မြောင်းမြေ၊ ကျူးကျော်မြေ စသဖြင့် လယ်သိမ်း ယာသိမ်း ရုံးရောက်ဂါတ်ရောက်နဲ့ပဲ သံသရာလည်နေကြတယ်။ ဒီလယ်ယာမြေတွေကနေ နိုင်ငံအတွက် စိုက်ပျိုးစီးပွား ဖြစ်လာဖို့ဆိုတာ အဝေးကြီး။
  8. တခုခုဆို သူလုပ်နိုးနိုး၊ ငါလုပ်နိုးနိုး သူ့တာဝန်လိုလို ငါ့တာဝန်လိုလိုနဲ့ ဘယ်သူမှ တာဝန်မခံချင်ဘူး။ တာဝန်ခံပြန်ရင်လည်း ရှိသမျှ အဲဒီလူကို အကုန်ထိုးချကြတာပဲ။ မီးသီးတလုံးကျွမ်းတာကအစ နိုင်ငံတော် အဆင့်ဆင့်တင်ပြီး ကော်မတီအဆင့်ဆင့်နဲ့ လုပ်နေရမယ်ဆိုရင် ဘယ်လိုလုပ် အလုပ်ဖြစ်တော့မှာလဲ။ နိုင်ငံသားတွေကရော စင်္ကာပူ အမေရိကားသွားတော့ နိုင်ငံကြီးသားတွေ ပီသ၊ အလုပ်တွေ ကြိုးစားကြ ယဉ်ကျေးကြနဲ့ ကိုယ့်နိုင်ငံမှာ နေချင်သလိုနေ လုပ်ချင်သလိုလုပ်နေကြရင် ဒီနိုင်ငံက ဘယ်မှာလာကောင်းတော့မှာလဲ။

သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.