Type Here to Get Search Results !

ကူးတို့ခ


မြန်မာလူမျိုးအများစု သေဆုံးတဲ့အခါ သေသူနဲ့အတူ ကူးတို့ခဆိုပြီး ထည့်ပေးကြတယ်။ ရှေးတုန်းကတော့ မူးစေ့၊ မတ်စေ့ တွေကို ထည့်‌ပေးတတ်ပြီး မူးစေ့မတ်စေ့ ခေတ်မဟုတ်တော့အတွက် မူးစေ့မတ်စေ့တွေ ရှားပါးလာတဲ့အခါမှာတော့ ၂၀ ကျပ်တန်၊ ၅၀ ကျပ်တန်တွေကို သေသူနဲ့ အတူ ထည့်ပေးကြတာ မြင်ဖူးတယ်။ မြန်မာ ငွေကြေးအဖြစ် ထုတ်လုပ်ခဲ့တဲ့ ‌ငွေအကြွေစေ့တွေနဲ့ ငွေစက္ကူတချို့တဝက်ဟာ ထိုကဲ့သို့ သေသူကို ကူးတို့ခ အဖြစ် ထည့်သွင်းမှုကြောင့် ပျက်စီး ပျောက်ဆုံးရမှု တစိတ်ပိုင်း ရှိပါလိမ့်မယ်။

ကူးတို့ခ ဘယ်က ဖြစ်လာသလဲ?
ကူးတို့ခကို အယူစွဲလန်းမှုက သေသူဟာ ဒီကူးတို့ခမပါလျင် ဘဝမကူးနိုင်ဘူး။ နောက်ဘဝ ကူးတဲ့အခါ ကူးတို့ခ မပါတဲ့အတွက် ကူးမရဘူးဆိုတဲ့ အယူစွဲကြတယ်။ အဲဒီအပိုင်း ဒီဓလေ့ ဘယ်လို ဖြစ်လာသလဲဆိုတာကို ပြန်လှန် သုံးသပ်ကြည့်မယ်ဆိုရင် ရှေးအခါက မြို့တည်ပုံ ရွာတည်ပုံတွေကို စဉ်းစားရပါမယ်။ ရှေးအခါတုန်းက မြိုရွာတွေကို မြစ်ဘေး ချောင်းဘေးမှာသာ တည်ဆောက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေအတွက်နဲ့ ကုန်သွယ်ရေကြောင်းအတွက် ဖြစ်ပါတယ်။ ခုခေတ်လို အဝီစိရေ ထုတ်ယူတဲ့ နည်းပညာ မရှိသေးသလို ကားရထားမရှိတဲ့အတွက် မြစ်ဘေးချောင်းဘေးမှာပဲ မြိုရွာတည်ကြတာ များပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ရှိခဲ့တဲ့ သရေခေတ္တရာ-ပြည်၊ ပုဂံ၊ နောက် တောင်ငူ၊ ရန်ကုန် စတဲ့ မြို့တွေကို ကြည့်မယ်ဆိုရင် မြစ်ဘေးတွေမှာ တည်ထားကြတာ တွေ့နိုင်ပါမယ်။ ထိုကဲ့သို့ မြစ်ဘေး ချောင်းဘေးမ‌ှာ တည်ထားခဲ့ကြတဲ့အတွက် သေသူတွေကို မြှုပ်နှံဖို့ရာ သင်္ချိုင်းမြေကို ပြုခဲ့ရာမှာတော့ တဘက်ကမ်းကို ရွေးချယ်ကောင်း ရွေးချယ်ခဲ့မယ်။ သုဘရာဇာဟာ လှေတစင်းနဲ့ သေဆုံးသူကို တဘက်သင်္ချိုင်းကို ကူးပို့ရပါတယ်။ အဲဒီအတွက် ကူးတို့ခကို သေဆုံးသူနဲ့တွဲလျက် ထည့်ပေးရပါတယ်။ အဲဒီကူးတို့ခကို သုဘရာဇာက ယူတာပါ။ အဲဒီခေတ်တုန်းက ပဲ၊ မူး၊ မတ်ဆိုတဲ့ ပမာဏကလည်း တန်ကြေးရှိတဲ့ ပမာဏပါ။ ခုခေတ်မှာ ပဲ၊ မူး၊ မတ်ကို ကူးတို့ခဆိုပြီး မသာနဲ့ ထည့်ပေးလို့ကတော့ ဘယ်သုဘရာဇာကမှ ယူမှာ မဟုတ်သလို ပို့ပေးမှာလည်း မဟုတ်ပါဘူး။ ခုခေတ်သာ တကယ်တမ်း ကူးတို့ခ ထည့်ပေးရင် ၂၀၀၀၀ လောက်တော့ ထည့်ပေးမှပဲ အဆင်ပြေပါလိမ့်မယ်။ တကယ်တမ်း ခုခေတ်မှာလည်း ကူးတို့‌ခ ထည့်ပေးစရာ မလိုတော့ပါဘူး။ သက်ဆိုင်ရာ မြို့ရွာအလိုက် သင်္ချိုင်းမြေတွေမှာ မြှုပ်နှံကြပါတယ်။ ထို့အတွက် ကူးတို့ခဆိုပြီး ထည့်ပေးကြတဲ့ အကြွေတွေ ငွေစက္ကူတွေဟာ မြေကြီးထဲရောက်လျင်ရောက် မဟုတ်ရင် မီးသင်္ဂြိုလ်စက်ထဲ ရောက်သွားတာပဲ ရှိတာပါ။ သေသူဟာ ကူးတို့ခ မပါလျင် ဘဝ မကူးနိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ ဘယ်သူဖြစ်ဖြစ် သေဆုံးခဲ့လျင် ဘာပစ္စည်း ဘာငွေကြေးမှ မယူသွားနိုင်ပါဘူး။ သေဆုံးသူရဲ့ ပါးစပ်ထဲကို ကူးတို့ခဆိုပြီး အကြွေစေ့ ထည့်ပေးခဲ့ပြီး မြေမြှုပ်ခဲ့ရင် နှစ်တွေကြာ အရိုးဆွေးတဲ့အထိ အဲဒီအရိုးစုထဲမှာ အကြွေစေ့ ရှိနေမှာပါပဲ။ ဘဝကူးဖို့ သူယူသွားနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သို့အတွက်ကြောင့် ကူးတို့ခဆိုတာ ရှေးတုန်းကတော့ သုဘရာဇာက သေသူရုပ်အလောင်းကို တဘက်ကမ်း သင်္ချိုင်းမြေဆီ သယ်ပေးရတဲ့အတွက် ပေးရတာ ဖြစ်ပြီး ဒီဘက်ခေတ်အခါမှာတော့ ရိုးရာဓလေ့အဖြစ် ထည့်ပေးတဲ့ ကူးတို့ခဆိုတာ မြေကြီး‌ထဲရောက်လျင်ရောက် မဟုတ်ရင်လည်း သင်္ဂြိုလ်စက်ထဲသာ ရောက်ပြီး ပြာဖြစ်ကုန်ပါတယ်။

သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.