Type Here to Get Search Results !

နိုင်ငံကူးလက်မှတ်လျှောက်ခြင်းနှင့် သက်တမ်းတိုးခြင်း

နိုင်ငံကူးလက်မှတ် (Passport) လုပ်ရတာ တော်တော်ကို လွယ်ကူသွားပြီ၊
မနှစ်က နေပြည်တော်ရုံးမှာ သက်တမ်းသွားတိုးတာ ဟိုဟာလိုတယ် ဒီဟာလိုတယ်နဲ့ စိတ်ရှုပ်လို့ ဒီတိုင်းထားလိုက်တာ တနှစ်တောင်ကြာသွားတယ်။ ခုတော့ ရန်ကုန်မှာပဲ သွားတိုးလိုက်တယ်၊ အဆင်ပြေတယ်၊ လွယ်လည်း လွယ်တယ်၊ ဘာမှန်းမသိတဲ့ စာရွက်တွေလည်း မလိုတော့ဘူး။

အသစ်လုပ်မယ့်သူ (စာအုပ်စလုပ်မယ့်သူ)က သန်းခေါင်စာရင်း (မူရင်း)+ (မိတ္တူ-၂ စောင်)၊ မှတ်ပုံတင် (မူရင်း)+(မိတ္တူ-၂စောင်)၊ လိုမယ်၊ အလုပ်လုပ်ဖို့အတွက် လျှောက်မယ်ဆိုရင် လေဘာကဒ် လိုမယ်၊ လေဘာကဒ်ကို ကိုယ့်မြို့က လေဘာရုံးမှာ ပြည်ပအတွက်လို့ ပြောပြီး ယူသွားလို့ရတယ်။ လေဘာကဒ်မပါရင် ပတ်စ်ပို့ရုံးကနေ ၅ မိနစ်လောက် သွားရတဲ့ နေရာမှာ ရန်ကင်း အမှတ်(၄) နယ်မြေ လေဘာရုံးမှာ သွားလျှောက်လို့ရတယ်၊ လေဘာကဒ် မိတ္တူ တစောင်လိုမယ်။
စာအုပ်ရှိပြီးသား သက်တမ်းတိုးမယ့်လူက စာအုပ်ရဲ့ရှေ့မျက်နှာကို မိတ္တူ (၂)စောင် ကူးထည့်ပေးရမယ်။
ရုံးက မနက် (၈) နာရီမှာ စဖွင့်ပါတယ်။
ရုံးထဲကို စဝင်တဲ့အချိန်မှာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း(မူရင်း) ကိုကိုင်ထားပါ။ အထဲကို စဝင်တဲ့အချိန်မှာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းကို စစ်လိမ့်မယ်။ X-ray ဖြတ်ပြီးတဲ့အချိန်မှာ မှတ်ပုံတင်ရယ် မျက်နှာရယ်ကို scan ဖတ်လိမ့်မယ်။ အဝင်နဲ့ တည့်တည့်မှာရှိတဲ့ ရဲတွေဆီက ပုံစံဖြည့်ဖို့ စာရွက် သွားယူပါ။ တရွက်တည်းပါပဲ။ ကိုယ့်ရဲ့နာမည် အချက်အလက်တွေကို မှန်အောင်ဖြည့်ပါ။ အင်္ဂလိပ်လို ဖြည့်ရမယ့်နေရာမှာ ကိုယ်ထားချင်တဲ့ ပုံစံကို ဖြည့်ရမယ့် (ဥပမာ ကျွန်တော်ဆိုရင် THUREIN) လို့ တဆက်တည်းရေးပါတယ်။ အချက်အလက်တွေ ဖြည့်ပြီးရင်
မှတ်ပုံတင် (မိတ္တူ) ၂ စောင်
သန်းခေါင်စာရင်း (မိတ္တူ) ၂ စောင်
ဖြည့်ထားတဲ့ ပုံစံ ၁ စောင်
အလုပ်အတွက်ဆိုရင် လေဘာကဒ် (မိတ္တူ) ၁ စောင် ကို ထပ်ချုပ်ပြီး ကောင်တာ (၁) မှ (၁၂) မှာ သွားတန်းစီပါ။ သွေးနှော (ဥပမာ- အိန္ဒိယသွေးနှော) သွေးနှော ဖြစ်နေရင်တော့ ဘေးက (၁၃)မှာ တန်းစီဖို့ လိုပါတယ်။ ကောင်တာ အစစ်ခံတဲ့အခါ မှတ်ပုံတင်(မူရင်း)၊ သန်းခေါင်စာရင်း (မူရင်း)၊ ပတ်စပို့စာအုပ်ရှိပါက (စာအုပ်မူရင်း)နှင့် စောစောက ပုံစံဖြည့်ထားတဲ့စာရွက်နဲ့တွဲလျက်မိတ္တူတွေကို ပေးရပါတယ်။ လ.ဝ.က မှ စစ်ပါလိမ့်မယ်။ စစ်ပြီးရင် ဘယ်ဘက်လက်မနဲ့ မျက်နှာကို scan ဖတ်လိမ့်မယ်။ ပြီးရင် နောက်ကို သွားပါဆိုရင် ဝင်သွားပြီး Counter နောက်က ကိုယ့်ရဲ့ မှတ်ပုံတင်၊ သန်းခေါင်းစာရင်းနဲ့ ပုံစံစာရွက်တွေကို ပြန်ယူပါ။ လ.ဝ.က စစ်ဆေးပြီးကြောင်း စလစ်လေးပေးလိမ့်မယ်။ အများနဲ့ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ စာအုပ်ပါရင် စာအုပ် မှန်မမှန် ပြန်စစ်ပါ) ပြီးရင် ဆက်ဝင်သွား ကောင်တာ (၁၄၊ ၁၅၊ ၁၆) လွတ်ရာ ကောင်တာမှာ စောစောက ပုံစံတွေရယ်၊ ပေးလိုက်တဲ့ စလစ်ရယ်၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းကို ပြရပါတယ်။ လ.ဝ.က မှ လက်မှတ်ရေးထိုးပေးပါလိမ့်မယ်။ ပြီးရင် ပြန်ယူပြီး ရှေ့ဆက်သွားပြီး ဘဏ်မှာ ငွေသွင်းပါ။ ဘဏ်မှာ ငွေသွင်းတဲ့အခါ လ.ဝ.ကမှ ပေးလိုက်တဲ့ စလစ်လေးနဲ့ ပိုက်ဆံ (၂၅,၀၀၀) ကိုပဲ ပေးလိုက်ပါ။ ဘဏ်က လက်မှတ်ထိုးပြီး စလစ်ပြန်ပေးလိမ့်မယ်။ အဲဒါဆိုရင် ဘဏ်နဲ့ မျက်နှာချင်းဆိုင်က ကောင်တာ (၁၈) မှ (၂၀) ကျော် လူနည်းရာ ကောင်တာတွေမှာ တန်းစီပါ အဲဒီမှာ ကိုယ့်အလှည့်ရောက်ရင် စောစောက ပုံစံဖြည့်ထားတဲ့ စာရွက်ကို စစ်လိမ့်မယ်၊ ဓါတ်ပုံရိုက်၊ လက်ဗွေ ၊ မျက်လုံး scan လုပ်လိမ့်မယ်။ ပြီးရင် စာရွက်လေး ထုတ်ပေးပါလိမ့်မယ်။ စာရွက်မှာ ကိုယ့်ရဲ့ ထိုးမြဲလက်မှတ် မှန်/မမှန်၊ အမည်စာလုံးပေါင်း၊ မွေးသက္ကရာစ် စတာတွေ မှန်/မမှန် စစ်ပါ၊ မှန်တယ်ဆိုရင် ပြန်လို့ရပါပြီ။ စာရွက်မှာ ဘယ်နေ့ရက်လာပါဆိုပြီး ရက်ချိန်းပေးပါတယ်။ အဲဒီရက်အတိုင်း စာအုပ်သွားထုတ်ပါ။ ပြီးပြီဆိိုပြီး မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း (မူရင်း)တွေလည်း ပြန်ယူဖို့ မေ့နေဦးမယ်။ 😃
ထိုသို့ဆိုပါက နိုင်ငံကူးလက်မှတ် ရရှိပြီ ဖြစ်သည်။
တိုင်း/ပြည်နယ် သက်ဆိုင်ရာ မြို့ကြီးတွေမှာလည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ သန်းခေါင်းစာရင်းက တိုင်း/ပြည်နယ် ထဲမှာ အကျုံးဝင်တယ်ဆိုရင် အဲဒီရုံးတွေမှာ လုပ်လို့ရပါတယ်။ ရန်ကုန်ရုံးကတော့ ဘယ်သန်းခေါင်းစာရင်းဖြစ်ဖြစ်လုပ်လို့ရပါတယ်။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.