Type Here to Get Search Results !

အလှ



အလှ
အလှလို့ ပြောတဲ့အခါ ဘာက လှသလဲ၊ ဘယ်အရာက လှတာလဲ၊ ဘယ်လို လှတာလဲစသဖြင့် အမျိုးမျိုးတော့ ရှိမှာပဲ။ ရုပ်ရည်က လှတာလား၊ ဆံပင်လှတာလား၊ ကိုယ်လုံးလှတာလား၊ အသားအရည်လှတာလား အမျိုးမျိုး ပြောကြမှာပဲ။ ဒါပေမယ့် အလှလို့ ပြောတဲ့အခါ ကျက်သရေကို ချန်ထားလို့မရဘူး။ အထူးသဖြင့် လူတယောက်ရဲ့ အလှကို ပြောရင် ကျက်သရေဆိုတာပါမယ်။ အလှကျက်သရေလို့ ပြောမှ ပြည့်စုံမယ်။ လူတယောက် လှတယ်။ ဘာက လှတာလဲ၊ ကြည့်ကောင်းတယ်၊ မြင်သူတွေရဲ့ စိတ်ထဲမှာ ကြည့်ကောင်းနေတယ်၊ ဘာဖြစ်လို့ ကြည့်ကောင်းတာလဲ။ အသားဖြူတာ လှတာလား၊ မျက်နှာဝိုင်းလေး ဒါမဟုတ် ခုနောက်ပိုင်းပြောကျတဲ့ V-shape မျက်နှာလေး အဲဒါတွေကလှတာလား၊ ဆံပင်အရှည်ကြီးမို့ လှတာလား၊ အရပ်အမောင်းအမောင်းရှိလို့လှတာလား၊ လူတွေရဲ့ မျက်စိထဲမှာ အသားဖြူဖြူ မျက်နှာဝိုင်းလေး စသဖြင့် မြင်ရင်တော့ လှလိုက်တာ၊ ချစ်စရာကောင်းလိုက်တာ စသဖြင့်တော့ မှတ်ချက်ပြုကြမှာပဲ။ အဲဒီအရာတွေကို မလှပါဘူးလို့တော့ လူတွေ မပြောကြဘူး။ ဒါပေမယ့် အလှတရားက အသားလေးဖြူတာ မျက်နှာလေးဝိုင်းတာ အရပ်အမောင်းလေး ရှိတာနဲ့တော့ အလှမဟုတ်ဘူး။ လူတွေရဲ့ မျက်စိထဲမှာ ကြည့်ကောင်းနေတဲ့အလှဆိုတာ သူ့ရဲ့ ဂုဏ်ကြောင့်ပဲ။ သူ့ရဲ့ ဂုဏ်ဆိုတာ သူ့ရဲ့ ရိုးသားမှု ဂုဏ်ဖြစ်ချင်ဖြစ်မယ်၊ သူ့ရဲ့ သူတပါးအပေါ် ကူညီတတ်မှု ဖြစ်ချင်ဖြစ်မယ်၊ စကားကို ကောင်းကောင်းမွန်မွန် ချိုချိုသာသာ ပြောတတ်တာ ဖြစ်ချင်ဖြစ်မယ်၊ သူ့ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းဖို့ ကြိုးစားနေတာ ဖြစ်ချင်ဖြစ်မယ်၊ အဲဒီလို အချက်တွေက အခြားလူတွေက သူ့ကို ကြည့်ရတာ ကြည့်ကောင်းနေတယ်၊ သူ့ရဲ့ ကိုယ်ပိုင်အလှကို လူတွေ မြင်နေရတယ်၊ အသားအရည်ကောင်းရုံ မျက်နှာပြည့်စုံရုံနဲ့ လူတွေရဲ့ ပကတိ စိတ်မှာမြင်တဲ့ အမြင်မှာ လူတယောက်ဟာ မလှဘူး၊ ဆက်ဆံရေးမကောင်း အပြောမဆိုပါ မတတ်ဘူးဆိုရင် လူတွေရဲ့ စိတ်မှာ ရုပ်ကလေးက လှသလောက် ရိုင်းလိုက်တာဆိုတဲ့ မှတ်ချက်က တန်းပြီးထွက်လာတယ်၊ ဒါဟာ ရုပ်ရည်ဟာ ပြီးပြည့်စုံတဲ့ အလှတခုတော့ မဟုတ်ဘူးဆိုတာ သက်သေတခုပဲ၊ သမ္မတ အိုဘားမား၊ အော်ပရာဝင်းဖေး တို့ဆိုရင် လူတွေရဲ့ အမြင်မှာ ကြည့်ကောင်းနေတယ်၊ သူတို့ကို အသားမဲလိုက်တာ ဖြူလိုက်တာတွေ ဘယ်သူကမှ မှတ်ချက်မပြုဘူး၊ သူတို့ရဲ့ ဂုဏ်ကို ပဲ အသိအမှတ်ပြုကြတယ်၊ သူတို့ရဲ့ သဏ္ဍာန်ကလည်း သူတို့မှာ ထင်ဟပ်နေသလို လူတွေကလည်း အဲဒီအတိုင်းပဲ မြင်တယ်။ ဗိုလ်ချုပ်အောင်ဆန်း စကားပြောဆိုရင် ဂွတီးဂွကျနဲ့ စိတ်မြန်လက်မြန်နဲ့ အသားညိုညို အညာသား၊ လူတိုင်းက လေးစားကြတယ်၊ သူရဲ့ ရိုးဂုဏ်နဲ့ လူတွေအပေါ်ထားတဲ့ စေတနာကို လူတိုင်းကသိလို့၊ အဲဒီအရာတွေက သူ့မှာ ထင်ဟပ်နေတဲ့အခါကျတော့ လူတွေရဲ့ အမြင်မှာ လူတွေရဲ့ စိတ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြည့်ကောင်းတယ်။ အိုင်းစတိုင်းဆိုရင် ခေါင်းမွှေးဆုပ်ဖွားနဲ့ပဲ၊ ဒါပေမယ့် လူတွေက သူ့ကို ပညာရှင်လို့ အသိအမှတ်ပြုထားတယ်၊ သူခေါင်းမွှေးဆုပ်ဖွားဖြစ်နေတာတွေကို သူကိုယ်တိုင် အရေးမလုပ်သလို ဘယ်သူကမှလည်း ဒါကို အရေးတယူ မကြည့်ဘူး၊ သူ့ရဲ့ တွေးခေါ်တတ်မှု ပညာဂုဏ်ကိုပဲ လူတွေ ကြည့်ကြတယ်။ ထူးအိမ်သင် မျက်မှန်ဝိုင်းတပ်ပြီး ဆံပင်ရှည်ရှည်ကွေးကွေး ဘေးချထားလည်း ဘယ်သူဖြစ်လိုက်တာလို့ ဘယ်သူ့မှ မပြောဘူး၊ ထူးအိမ်သင်က သူ့အနုပညာတန်ဘိုးကို အလေးထားသလို လူတွေကလည်း ထူးအိမ်သင်ရဲ့ အနုပညာကိုပဲ မြင်တယ်၊ ထူးအိမ်သင် ချောလိုက်တာ ရုပ်ဆိုးလိုက်တာ တွေ ဘယ်သူကမှ မမြင်ဘူး၊ လူတွေ ခံစားတာ ထူးအိမ်သင်ရဲ့ အနုပညာပဲ။ ဘယ်သူပဲဖြစ်ဖြစ် ဒီအတိုင်းပဲ၊ ရုပ်ရည်တခုတည်းနဲ့ အလှမဟုတ်ဘူး။ ငယ်ရွယ်နုပျိုခြင်းတခုတည်းကလည်း အလှမဟုတ်ဘူး၊ လူမှာ သူ့ရဲ့ တန်ဘိုး ဂုဏ်ဆိုတာ ရှိတယ်။ ရိုးသားတဲ့ ဂုဏ်ဖြစ်ချင်ဖြစ်မယ်၊ အသိပညာ အတတ်ပညာ ဖြစ်ချင်ဖြစ်မယ်၊ အဲဒီတန်ဘိုးတွေက သူ့မှာ ထင်ဟပ်လာတဲ့အခါ လူတွေရဲ့ အမြင်မှာ သူဟာ သိပ်ပြီးကြည့်ကောင်းတယ်၊ လူတွေရဲ့ အမြင်မှာစွဲနေတာ၊ ရုပ်ဆိုးလိုက်တာ၊ ရုပ်ချောလိုက်တာတွေ မဟုတ်တော့ဘူး။ သူ့တန်ဘိုးနဲ့နသူ သူ့ဂုဏ်နဲ့သူ ကြည့်ကောင်းနေတာ၊ အဲဒီလိုကြည့်ကောင်းမှုက အသားအရောင်မဟုတ်ဘူး၊ ရုပ်ရှည်မဟုတ်ဘူး၊ ကိုယ်ပိုင်အလှ၊ သူ့ရဲ့ကိုယ်ပိုင် အသိပညာ၊ အတတ်ပညာ၊ သူတပါးပေါ် ကူညီတတ်မှု၊ စသဖြင့် သူကိုယ်တိုင်ဖော်ဆောင်တဲ့ သူ့ရဲ့အလှပဲ။

သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.