Type Here to Get Search Results !

မိုးရွာသောနေ့

မိုးရွာသောနေ့
----------------
ဘဝမှာ အပြောင်းအလဲဆိုတာတွေ ရှိတယ်။ အနိမ့်အမြင့်တွေ အတက်အကျတွေ ရှိတတ်တယ်။ တခါတလေ သာယာနေပေမယ့် တခါတလေ အုံ့မှိုင်းနေတတ်တယ်။ တခါတလေ အဆင်ပြေနေပေမယ့် တခါတလေ အဆင်မပြေခြင်းတွေ၊ အထစ်အငေါ့တွေ၊ မျှော်လင့်မထားတာတွေ ဖြစ်တတ်တယ်။ ပုရွက်ဆိတ်တွေ အစာစုဆောင်းတယ်ဆိုတာ မိုးရွာတဲ့အခါ စားစရာရှိအောင်လို့ မိုးမရွာမီမှာ ကြိုတင်ပြီး စုဆောင်းရတယ်။ တကယ်လို့သာ မိုးမရွာတဲ့အချိန်မှာ ဘာမှ မပြင်ဆင်ထားဘူးဆိုရင် မိုးရွာတဲ့နေ့မှာ ပုရွက်ဆိတ် ဒုက္ခရောက်ပြီ။ လူ့ဘဝမှာရော မိုးရွာတဲ့နေ့ မရှိဘူးလား။ ဘဝမှာလည်း မိုးရွာတဲ့နေ့တွေ ရှိတယ်။ မိုးရွာတဲ့ နေ့တွေ အတွက် ကြိုတင်ပြင်ဆင်မထားခဲ့ရင် အခက်အခဲတွေပေါ် အကျပ်အတည်းတွေ ဆိုတာ ဆင့်လာတတ်တယ်။ အလုပ်အကိုင်ကောင်းခြင်း၊ စီးပွားရေး အဆင်ပြေခြင်း၊ အားကိုးအားထားရှိခြင်း၊ အလုပ်ထဲမှာ အထက်လူကြီးကောင်းမွန်ခြင်း စတာတွေဟာ နေသာတဲ့ နေ့တွေလိုပဲ၊ အလုပ်ပြုတ်ခြင်း၊ စီးပွားကျခြင်း၊ ကိုယ့်ကို ကြည့်ရှုစောင့်ရှောက်မယ့်လူ မရှိတော့ခြင်း၊ လုပ်ငန်းအနေအထား ပြောင်းလဲခြင်း၊၊ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများခြင်းစတာတွေဟာ ဘဝမှာ မိုးရွာတဲ့နေ့တွေနဲ့တူတယ်။

အားကိုးစရာမိဘရှိလို့ အသိုင်းအဝိုင်းရှိလို့ မပူပင်ရပါဘူးလို့ ထင်နေပေမယ့် မိဘဆိုတာက ကိုယ့်နဲ့ အမြဲတမ်း ရှိနိုင်သူတွေ မဟုတ်ပါဘူး။ တချိန်မှာ မိဘတွေ မရှိတော့တဲ့အခါ ကိုယ်တိုင်ပဲ ရပ်တည်ရတာပဲ။
တချို့ကလည်း အလုပ်အကိုင်လေး တခုရထားရင် ဒီအလုပ်က အဆင်ပြေပြီ။ တရက်ပြီး တရက် ကုန်ဆုံးပြီး နေသွားရင် ရပြီလို့ ထင်ကြတယ်။ ဒီအလုပ်က ရေရှည်ရှိမှာလား၊ ကိုယ်က ဒီလုပ်ငန်းမှာ ရေရှည် မြဲနေပါ့မလား အကြောင်းတစုံတရာကြောင့် ဒီလုပ်ငန်းကနေ ကိုယ်ထွက်ခွာရတဲ့အခါ ကိုယ့်အတွက် မိုးရွာတဲ့ နေ့တနေ့ ရောက်လာနိုင်တယ်ဆိုတာကို မေ့နေကြတယ်။

အလုပ်တွေအဆင်ပြေနေ၊ ငွေတွေ ဝင်နေတဲ့အခါမျိုးမှာလည်း ငွေကြေးကို စုဆောင်းထားဖို့၊ ဒါမှမဟုတ် အကျိုးရှိတဲ့ တခုခုမှာ ရင်းနှီးမြှုပ်နှံထားဖို့ကို မေ့တတ်ကြတယ်။ ဝင်သမျှငွေတွေက နောက်ဆုံးပေါ်ပစ္စည်း၊ ခေတ်စားတဲ့ အဝတ်အထည်၊ သောက်တာစားတာတွေနဲ့ပဲ ဖြုန်းပစ်လိုက်တဲ့အခါမှာ တချိန်မှာ မိုးရွာတဲ့နေ့ ရောက်လာတဲ့အခါ မိုးမလုံတဲ့ အိမ်ခေါင်မိုးကိုတောင် မဖာနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်တတ်တယ်။
လုပ်ငန်းထဲမှာ အထက်လူကြီးကောင်းနေတာပဲဆိုပြီး ဘာမှမသင်ယူ မလေ့လာပဲနေတာ၊ ဘာမှကြိုးစားမှုမရှိ၊ ရေလိုက်ငါးလိုက် လုပ်နေသမျှတွေဟာ တချိန်မှာ ကိုယ့်ကို ကာကွယ်ပေးမယ့်လူ၊ တာဝန်ခံပေးမယ့်လူ မရှိတော့တဲ့အခါ မိုးရွာတဲ့နေ့တွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်။
မိုးရွာတဲ့နေတွေ တချိန်မဟုတ် တချိန်မှာ ကြုံလိမ့်မယ်။
ပုရွက်ဟာ မိုးရွာမှ အစာရှာလို့ မရဘူး။

လူ့ဘဝမှာလည်း အတူတူပဲ။ မိုးရွာတဲ့ နေ့တွေ ရောက်မလာခင်မှာ ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းထားဖို့လိုတယ်။ ကိုယ့်အတွက် တတ်သင့်တာတွေ တတ်မြောက်ထားဖို့လိုတယ်။ အဲဒီအတွက် သင်ယူလေ့လာရမယ်။ ငွေကြေးတွေ ဝင်နေတဲ့အခါ ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်ဖို့ ဒါမဟုတ် တချိန်မှာ မျှော်မှန်းလို့မရတဲ့ ကျန်းမာရေးအခက်အခဲတွေ ရှိတဲ့အခါ မပူပင်ရဖို့ စုဆောင်းထားဖို့လိုတယ်။ အလုပ်တခုရရှိခြင်းဟာ ဘဝမှာ လုပ်စရာကုန်သွားခြင်းမဟုတ်ဘူး။အလုပ်နဲ့ ပတ်သက်တာတွေ လေ့လာရမယ်။ ကိုယ့်အလုပ်အပြင် အခြား ကိုယ်ဝါသနာပါရာ အသိပညာတွေ အတတ်ပညာတွေကို လေ့လာထားသင့်တယ်။ အဲဒီလိုသာ လုပ်ထားမယ်ဆိုရင် မမျှော်လင့်ဘဲ အလုပ်မရှိတော့တဲ့အခါ ကိုယ်တတ်ရာ ပညာနဲ့ မိုးရွာတဲ့နေ့တွေကို ကျော်ဖြတ်နိုင်မယ်။
နောက်ဆုံးပေါ် ပစ္စည်းတွေ၊ ခေတ်စားတဲ့ အဝတ်အထည်တွေက ကိုယ့်ဘဝထဲကို မိုးရွာတဲ့နေ့တွေ ရောက်မလာအောင် မတားဆီးပေးနိုင်ဘူး။ လိုအပ်တာထက်ပိုပြီး နောက်ဆုံးပေါ်တွေနောက် လိုက်သွားတဲ့အခါ ကိုယ့်ဘဝထဲ မိုးရွာတဲ့အခါ ကိုယ်အမောတကော လိုက်ဝယ်ထားရတဲ့ ပစ္စည်းတွေဟာ မိုးမလုံပါလားဆိုတာ တွေ့လိမ့်မယ်။ မိုးရွာလာမယ့်နေ့အတွက် ပြင်ဆင်ပြီးမှ ကိုယ်ဝယ်ချင်တာ ဝယ်ပါ။
အားကိုးအားထားစရာမရှိတော့ရင်
ဝင်ငွေကောင်းပါတယ်ဆိုတဲ့ လုပ်ငန်းရပ်ဆိုင်းသွားရင်
ကိုယ့်အပေါ်ကောင်းတဲ့ အထက်လူကြီးမရှိတော့ရင်
ဘဝရပ်တည်နေတဲ့အလုပ် မရှိတော့ရင်
မျှော်လင့်မထားဘဲ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျ များလာရင် ဘဝထဲမှာ မိုးရွာတာပဲ။ မိုးရွာမှ ပြင်ဆင်လို့ မရဘူး။ စာမေးပွဲအခန်းထဲရောက်မှ စာကြည့်ချင်လို့ မရဘူး။ ပြင်ဆင်ထားပါ။ ဘဝမှာ မိုးရွာတဲ့နေ့တွေ မတိုင်မီ ပုရွက်ဆိတ်လို ပြင်ဆင်ထားပါ။

သူရိန်
၂၈.၁၂.၂၀၁၉

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.