နေ့စဉ်ဘဝမှာ အလွယ်တကူ လုပ်မိနိုင်တဲ့ အပြုအမူတွေထဲမှာ ငြင်းခုံခြင်းလည်း အပါအဝင်တခုပါ။ ဘာမှမဟုတ်လည်း ငြင်းမိတယ်။ ကိုယ်မှန်ကြောင်း ပြောချင်လို့ ငြင်းတယ်။ တဘက်လူ ကို သူသိတာ အမှားကြီး ဖြစ်ကြောင်း ပြောချင်လို့ ငြင်းတယ်။ ကိုယ်အနိုင်ရချင်လို့ ငြင်းတယ်။ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကိုလည်း ငြင်းမိတတ်တယ်။ တချို့ငြင်းခုန်ခြင်းတွေဆို အချိန်ကုန်ခံ အမုန်းခံပြီးတော့ကို ငြင်းမိတတ်ပါတယ်။
ငြင်းခုံခြင်းအားဖြင့် ဘာအကျိုးကျေးဇူးတွေရလဲ။
ငြင်းခုံခြင်းအားဖြင့် ဘာအကျိုးကျေးဇူးမှ မရပါဘူး။ ငြင်းခုံခြင်းအားဖြင့် အရင်ဆုံး အချိန်ကုန်တယ်။ ဆက်ငြင်းခုံရင် လူမုန်းခံရတယ်။
လူတွေရဲ့ သဘောက ကိုယ်မှားနေပေမယ့် ကိုယ့်ကို မှားတယ်လို့ လာပြောတဲ့အခါမှာ လက်မခံချင်ကြပါဘူး။ ပြန်ပြီး ငြင်းတတ်တယ်။ ဟုတ်ဟုတ်မဟုတ်ဟုတ် ပြန်ငြင်းတတ်တာ လူ့အကျင့်ပဲ။ ခင်ဗျားမှားနေပြီ၊ မင်းမှားနေပြီ ဒီလိုမဟုတ်ဘူးဆိုတာနဲ့ တဘက်လူက မရမက ပြန်ငြင်းတော့မယ်ဆိုတာ မယုံမရှိပါနဲ့။ ကိုယ်မှန်ကြောင်း ပြချင်တာ၊ ကိုယ်သိတာ အမှန်ဟု ပြောချင်တာ လူ့သဘာဝတခုပါ။ ဒါကြောင့်မို့ ကိုယ့်ကို မှားတယ်လို့ ပြောတဲ့အခါ လက်မခံချင်ကြဘူး။ သူမှားကြောင်းလည်း သိချင်သိလိမ့်မယ်။ ဒါပေမယ့် သူမှားနေတယ် သူသိတာ မှားနေတယ်လို့ ပြောတာကိုတော့ အလွယ်တကူ လက်မခံချင်ကြပါဘူး။ ဒါကြောင့်မို့ ကိုယ်မှန်နေပါစေ ဘယ်တော့မှ တဘက်လူနဲ့ မငြင်းပါနဲ့။ မင်းမှားနေတယ် ဒါအမှန်ဆိုပြီး ဘယ်တော့မှ အချိန်ကုန် ခံပြီး မငြင်းမိစေနဲ့။ သူပြောတာ မှားနေရင် သူသိတာ မှားနေရင်၊ မင်းက ဒီလိုသိထားတယ်၊ အခြားဒီလို အချက်လေးတွေ ရှိတယ်ဆိုတာကို ပြေပြေလည်လည် ပြောပါ။ မဟုတ်ဘူး မင်းမှားနေပြီ ဒါအမှန် ငါသိတာ အမှန်လို့ သွားပြောလို့ကတော့ သူမမှားကြောင်း အချက်အလက်ပေါင်းစုံ ဆင်ခြေပေါင်းစုံကို နားထောင်ရတော့မယ်လို့ မှတ်ပါ။ သူကလည်း သူမှန်ကြောင်း ငြင်းမယ် ကိုယ်ကလည်း ကိုယ်မှန်ကြောင်း ငြင်းမယ်ဆိုရင် မပြီးဆုံးနိုင်တဲ့ ငြင်းခုံမှုကြီးပဲ ဖြစ်နေမှာပါ။ အရေးမကြီးတဲ့ ကိစ္စဆို အချိန်ကုန်ခံပြီး မငြင်းခုံပါနဲ့။ အရေးကြီးတဲ့ကိစ္စဆိုရင်လည်း အခြား အချက်တွေ ဘယ်လိုရှိကြောင်းသာ ကိုးကားပြီး ပြောလိုက်ပါ။ တဘက်လူက သူ့ဘာသူ ပြင်သွားပါလိမ့်မယ်။ ကိုယ်တိုင်ဆိုရင်လည်း ကိုယ့်ကိုမှားနေကြောင်း လာပြောပါက နောက်မှသာ ပြင်ချင်ပြင်မယ် ကိုယ်မှားတယ်ဆိုတာကိုတော့ ချက်ချင်းလက်မခံကြောင်း အမှတ်ရပါ။ ဒါကြောင့်မို့ ကိုယ်မှန်နေပါစေ မငြင်းနဲ့။ ချစ်သူနဲ့ ငြင်းရင် စိတ်ခုတာ ခံရမယ်။ ရန်သူနဲ့ ငြင်းရင် အငြိုးထားခံရမယ်။ သူဌေးနဲ့ ငြင်းရင် အလုပ်ဖြုတ်ခံရမယ်။ အောက်လက်ငယ်သားနဲ့ ငြင်းရင် ကလေးကလားနိုင်တယ်လို့ အထင်ခံရမယ်။ အထက်လူနဲ့ငြင်းရင် နှိပ်ကွပ်ခံရမယ်။ ငြင်းခုံနေလို့တော့ ဘာကောင်းကျိုးမှ ရမှာမဟုတ်ပါဘူး။ ကိုယ်မှန်နေပါစေ အချိန်ကုန်ခံပြီး မငြင်းနဲ့။
