Type Here to Get Search Results !

ကောလာဟလ

"ကောလာဟလ"ဆိုတာ ပါဠိမှ မွေးစားစကားဖြစ်ပြီး မြန်မာလို တစုံတရာ ဖြစ်ပေါ်မည်ဖြစ်သော ကြိုတင်ဖြစ်ပေါ်နေသောသတင်း၊ အခြေအမြစ် မရှိသောစကားလို့ အဓိပ္ပါယ်ရပါတယ်။
ကောလာဟလ စကားသို့မဟုတ် သတင်းကို အချိန်မရွေးနေရာမရွေး ကြားနိုင်ပါတယ်။ ပျံနှံ့မှု မြန်ဆန်တဲ့ အင်တာနက်‌ခေတ်မှာ ကောလာဟလ သတင်းတွေ စကားတွေ ဖြန့်ဖို့ အင်မတန်မြန်ပါတယ်။ မြန်မာလူမျိုးက ယုံလွယ်တယ်။ သံသယဆိုတာ သိပ်ထားတဲ့ လူမျိုး မဟုတ်သလို ရင်းမြစ်ကို လိုက်ကြည့်တဲ့ နေရာမှာလည်း အားတဲ့ လူမျိုးပါ။ လူရင်းပြောတာကြောင့်ဆိုပြီးလည်း ယုံတာပဲ၊ မိသားစုထဲ ပြောတာကြောင့်ဆိုပြီးလည်း ယုံတတ်တယ်။ ယုံစရာကောင်းလို့ ဆိုပြီးတော့လည်း ယုံတတ်တဲ့ လူမျိုးဖြစ်တယ်။ သဘာဝအရ မီးတောင်ပွက်တဲ့နေရာဟာ တယောက်က နဂါးပွက်တာလို့ ပြောလိုက်တာနဲ့ နဂါးပွက်အိုင်ဖြစ်သွားတယ်။ မြွေက အေးတဲ့ ကျောင်းထဲ ဝင်းထဲ လာနေရာကနေ ဘုရားဖူးမြွေ ဖြစ်သွားတယ်။ ဘယ်သူအိပ်မက် မက်လို့ ၅ နှစ်အောက် ကလေးတွေကို ယတြာချေတဲ့အနေနဲ့ အရက် တဇွန်းဆီတိုက်ရမယ်ဆို‌တော့ အလုအယက် တိုက်ကြတယ်။ အင်တာနက်ပေါ်မှာ ဒါကို ရှဲရင် ငွေသောက်သောက်လဲ ဝင်မယ်ဆိုတော့ အလုအယက် ရှဲကြပြန်တယ်။
ဒါကြောင့်မို့ ဆန်းစစ်မှု အားနည်းတဲ့ မြန်မာလူမျိုးတွေ ကြားထဲကို ကောလာဟလ ဖြန့်ရတာ လွယ်ကူတယ်။ကောလာဟလနဲ့ ပတ်သက်လို့ တိုင်းပြည်ပါ ပျက်သွားတဲ့ ဖြစ်ရပ်လေးတခု ဖြစ်ခဲ့ဖူးတယ်။ သရေခေတ္တရာခေတ်က ငစကောလို့ ခေါ်တဲ့ ရန်သူတပ်တွေကို ကြောက်လန့်နေရချိန်က တနေ့မှာ အမျိုးသမီးတယောက် ဆန်ပြာနေတယ်။ ဆန်ပြာနေတုန်းမှာ လေပွေဝှေ့တာကြောင့် သူမရဲ့ ဆန်ကောဟာ လေနဲ့ ပါသွားလို့ "ငါ့ဆန်ကော၊ ငါ့ဆန်ကော"လို့ အော်ပြီး ဆန်ကော လိုက်ကောက်ရာက ဘေးက ကြားတဲ့လူက "ငစကော၊ င‌စကော" လို့ ကြားပြီး ငစကောတပ်တွေလာပြီဆိုပြီး တယောက်ပြီးတယောက် ပြန့်သွားရာကနေ င‌စကောတပ်တွေ လာပြီအမှတ်နဲ့ အိုးပစ်အိမ်ပစ် ပြေးကြရာကနေ ပြည်ပျက်သွားဖူးတယ်လို့ အဆိုရှိပါတယ်။ သရေခေတ္တရာပျက်ခြင်းနဲ့ ပတ်သက်လို့ မွန်လူမျိုးများနဲ့ စကောကရင် လူမျိုးများ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ငစကောဟု တွင်၍ ပျက်ခြင်းနှင့် နန်စောဟု ခေါ်သော တရုတ်လူမျိုးများ ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့်ပျက်ရာမှ နန်စောအား ကာလကြာ၍ ငစကောဟု ပြောင်းလဲလာခြင်း စသဖြင့် မူကွဲတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကောလာဟလ ပျံ့နှံ့ရာကနေ ပျက်ခြင်းလို့တော့ ရာဇဝင်တွင်နေခဲ့ပါတယ်။
ဒီနေ့မြန်မာတွေကြားထဲမှာဆိုရင် မဖြစ်နိုင်တာတွေ အခြေအမြစ်မရှိတာတွေ၊ လုပ်ကြံတာတွေ စသဖြင့် ပေါင်းစုံအောင် ရောထွေးလျှက်ပါပဲ။ တို့ဆေဆိုတာတွေ၊ ကလေးသူခိုး၊ ကလီစာဖောက်ယူတယ်ဆိုတာတွေရော၊ တံတားခင်းဖို့အတွက် ခေါင်းဖြတ်ယူတယ်၊ နောက်တခါ Photoshop တွေ သုံးပြီး လုပ်ကြံအပုပ်ချတဲ့ ပုံတွေကအစ မြန်မာတွေကြားမှာ ပေါင်းစုံအောင် ပျံ့နှံ့နေတယ်။ လူတွေက မဟုတ်တဲ့ အရာတွေပေါ်မှာပဲ အာရုံလွန်ကဲနေတဲ့အခါ ကိုယ့်နိုင်ငံဘာလို‌အပ်နေလဲ၊ ကိုယ်ဘာလုပ်ရမလဲဆိုတာ မစဉ်းစားနိုင်တော့ဘူး၊ မဟုတ်တဲ့ သတင်းတွေ ကောလာဟလတွေနဲ့ပဲ မျောနေကြရတယ်။ အမှန်တကယ်ဆိုရင် ကိုယ့်လူမျိုးတွေ ကုန်ပစ္စည်းအတုတွေ မသုံးရအောင် ဘယ်လိုလုပ်မလဲ၊ မူးယစ်ဆေးဝါးတွေ ကိုယ့်မိသားစုထဲ၊ ကိုယ့်မြို့ထဲ ကိုယ့်နိုင်ငံထဲ မဝင်ရောက်နိုင်အောင် ဘယ်လို ဝိုင်းကြမလဲ၊ ဘယ်မြို့ကတော့ သန့်ရှင်းတယ် စည်းကမ်းရှိကြတယ် ဒါတွေကို နောက်မြိုတွေကို ကူးစက်သွားအောင် ဘယ်လို sharing လုပ်မလဲ၊ ကိုယ့်လူမျိုး အသိပညာကို တိုးတက်စေမယ့် စာကောင်းပေးကောင်းလေးတွေ၊ ပည‌ာရေး အသိပညာတွေကို တဦးနဲ့တဦး ဘယ်လိုတွေမျှဝေကြမလဲ။ ဒါတွေ အများကြီးလုပ်စရာရှိတယ်။ ခုတော့ ကျွန်တော်တို့တွေက မဟုတ်တာတွေ ဖြန့်လိုက် တယောက်နဲ့တယောက် စကားနာထိုးလိုက်နဲ့ပဲ အချိန်တွေဖြုန်းနေကြတယ်။ မြန်မာတွေ မအကြပါဘူး။ အယုံမလွယ်ဖို့တော့လိုတယ်။ ကောလာဟလ နောက်တွေ လိုက်ရင်း အချိန်မကုန်ဖို့လည်း လိုပါတယ်။
သူရိန်
၁၇.၁၂.၂၀၁၉

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.