ဘဝမှာအိပ်မက်တွေ တကယ်ဖြစ်နိုင်လား
Dream do come true ဆိုတဲ့ စကားလေးကို ငယ်ငယ်က ကြားဖူးတယ်။ ဘဝမှာ အိပ်မက်တွေ တကယ်ဖြစ်လာတယ်။ ယုံကြည်ချက်နဲ့အတူ ဖြစ်ချင်တာတွေ တကယ်ဖြစ်လာတယ်ပေါ့။
ဘဝမှာ အိပ်မက်တွေတကယ်ဖြစ်လာနိုင်ပါသလား။
တကယ်လို့များ ကံကောင်းထောက်မလို့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရလို့ မေးခွင့်ရမယ်ဆိုရင် မေးခွန်းနည်းနည်းလောက် မေးကြည့်ချင်မိတယ်။ သူမရဲ့ ဘဝမှာ အိပ်မက်တွေဘယ်လိုရှိခဲ့လဲ၊ ဒီအိပ်မက်တွေ ဖြစ်လာဖို့ ဘယ်လို ယုံကြည်ချက်တွေ ထားခဲ့လဲဆိုတာ မေးကြည့်ချင်တယ်။ သေချာတာတော့ သူမရဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေကို ယုံကြည်ခဲ့မှာ သေချာတယ်။ လူတယောက်က ကိုယ့်ရဲ့ ရည်မှန်းချက်အိပ်မက်ကို မယုံကြည်ဘဲနဲ့ ဘယ်ခရီးကိုမှ ရောက်အောင် လျှောက်နိုင်မှာမဟုတ်ဘူး။
နိုင်ငံရေးလုပ်ဆောင်သူရဲ့ ရည်မှန်းချက်က သူဖြစ်ချင်တဲ့ နိုင်ငံပုံစံဖြစ်ဖို့၊ စီးပွားရေးလုပ်သူက စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့၊ အားကစားသမားက ရွှေတံဆိပ်ရဖို့ စသဖြင့် နယ်ပယ်အသီးသီးမှ ကိုယ်စီအိပ်မက်တွေ ရှိကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘဝမှာလည်း နိုင်ငံရေးအိပ်မက်တွေ ရှိခဲ့မယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ခေါ်ဆောင်ဖို့၊ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီ လမ်းပေါ်ရောက်လျှောက်ဖို့စသဖြင့် အိပ်မက်တွေ ရည်မှန်းချက်တွေ ရှိခဲ့မှာပဲ။ ဒီခရီးက ဘယ်လောက် ဝေးသလဲ မသိနိုင်ဘူး။ ပန်းတိုင်ကို ရောက်ဖို့ ဘယ်နှစ်လမ်း လှမ်းရမလဲ မသိဘူး။ ကြားထဲမှာ ချောက်ကမ်းပါး ဘယ်နှစ်ခုရှိမလဲ၊ ဘယ်နှစ်ရက် ဘယ်နှစ်လ ဘယ်နှစ်နှစ် ကြာနိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ကို ဖြစ်လာဖို့ဆိုတာ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့ ခရီးရှည်ကြီးပဲ။ ရည်မှန်းချက်တွေ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ လျှောက်ကြတဲ့အခါ ခရီးလမ်းတွေက ရှည်တယ်။ ကြမ်းလည်း ကြမ်းတတ်တယ်။ တကယ်ကို ယုံကြည်ပြီး ဆက်လျှောက်နိုင်မှပဲ ခရီးရောက်နိုင်မှာပဲ။ သူမ အိပ်မက်တွေဆီကို လျှောက်လမ်းတဲ့ ခရီးဟာလည်း ဘယ်လောက် ကြာမယ်မှန်းမသိတဲ့ ခရီးတခု၊ ဒီခရီးမှာ ခံနိုင်ရည်တွေ အများကြီးလိုမယ်၊ စောင့်ဆိုင်းတတ်တဲ့ သည်းခံမှုလည်း လိုမယ်၊ မမျှော်လင့်ဘဲ ရောက်လာနိုင်တဲ့ အဆိုးတွေကိုလည်း လက်ခံနိုင်ရမယ်၊ ကိုယ့်ရည်မှန်းချက်နဲ့ မဆိုင်တဲ့ အကောင်းတွေနောက်လိုက်မသွားမိအောင်လည်း သတိရှိရဦးမယ်။ သူမရဲ့ အသက် ၂ နှစ်လောက်မှာပဲ ဖခင်ဖြစ်သူက လုပ်ကြံခံရပြီး ကျဆုံးသွားခဲ့တယ်။ နောက်ပိုင်းဘဝသည် နိမ့်လိုက်မြင့်လိုက်၊ အကောင်းမြင်တဲ့လူ ရှိသလို မကောင်းမြင်တဲ့လူတွေလည်း ရှိတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့အနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ်နိုင်ခဲ့ပေမယ့် စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့တာကြောင့် မရခဲ့ဘူး။
နောက်ပိုင်း နေအိမ်အကျယ်ချုပ်နဲ့ ၁၅ နှစ်ကျော်လောက် နေခဲ့ရတယ်။ ဒီနှစ်တွေအတွင်းမှာလည်း အိပ်မက်တွေ တကယ်ဖြစ်လာဖို့ မျှော်လင့်ချက်တွေကို လက်လွှတ်ခဲ့ရင် ယုံကြည်ချက်မရှိတော့ရင် ဒီခရီးကို ရောက်နိုင်ပါတော့မလား။ ရနိုင်မှာ မဟုတ်ဘူး။ နေ့ရက်တိုင်း ယုံကြည်ချက်ရှိနိုင်မှ ကိုယ်လျှောက်တဲ့လမ်းကို အပြည့်အဝယုံကြည်နေမှပဲ ဒီခရီးကို ရောက်နိုင်မှာပဲ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တဦးအနေနဲ့ ပါဝင်ခွင့်ရခဲ့တယ်။ ၂၀၁၅ ခုနှစ်ရောက်မှ အစိုးရဖွဲ့နိုင်ပြီး ဒီနေ့ နိုင်ငံခေါင်းဆောင်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရတယ်။ ဒီခရီးဘယ်လောက်ဝေးခဲ့လဲ။ ရည်မှန်းချက်တွေ ရောက်ဖို့ ဘယ်လိုအိပ်မက်တွေရှိခဲ့လဲ။ ဒီအိပ်မက်တွေ တကယ်ဖြစ်လာဖို့ ဘယ်လိုယုံကြည်ချက်တွေ ထားခဲ့ရလဲ မေးခွင့်ရခဲ့ရင် မေးချင်မိတယ်။ သေချာတာတော့ အိပ်မက်တွေ တကယ်ဖြစ်လာမယ်လို့တော့ ယုံကြည်ခဲ့မှာပါ။
ဘဝမှာ အိပ်မက်တွေရှိခဲ့ရင် တကယ်ယုံကြည်ပြီး လျှောက်ရင် အိပ်မက်တွေ တကယ်ဖြစ်လာမယ်။
သူရိန်
၁၇.၁၂.၂၀၁၉
