ဂျပန်ဘာကြောင့် အောင်မြင်သွားလဲ
ဂျပန်တွေဟာ အလုပ်ကြိုးစားတယ်
အချိန်တိကျတယ်
စည်းကမ်းရှိတယ်
ယဉ်ကျေးတယ်
စည်းလုံးတယ်
အရင်တုန်းက ဖက်ဆစ်ဝါဒကို လက်ခံကျင့်သုံးခဲ့တဲ့လူမျိုးတွေလို့ မထင်ရလောက်အောင်ကို ဂျပန်တွေ ပြောင်းလဲခဲ့တယ်။ ဒါတွေအပြင် ဘယ်အချက်တွေက ဂျပန်ကို အောင်မြင်စေခဲ့လဲ။
၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှာ ဂျပန်တွေ လက်နက်ချပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ခဲ့တယ်။ စစ်ရှုံးခြင်းနှင့်အတူ စစ်လျော်ကြေးများစွာပေးရခြင်း၊ နျူကလီးယားဗုံးကြဲခံရခြင်းတွေနဲ့ စစ်ပွဲတွေရဲ့ ဒဏ်ကြောင့် ဂျပန်ဟာ ပြာပုံအနေအထားပဲ ကျန်ခဲ့ပါတယ်။
ဂျပန်ဟာ စစ်ရှုံးတာကြောင့် စစ်လျော်ကြေး ပေးရတယ်။ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ခွင့်မရှိသလို လက်နက်ထုတ်လုပ်ခြင်း၊ တပ်ဖွဲ့စည်းခြင်းတွေကို ပိတ်သိမ်းခံရတယ်။ ဂျပန်ရဲ့ လုံခြုံရေးအတွက် အမေရိကန်က တာဝန်ယူပေးဖို့ သဘောတူခဲ့ပါတယ်။
စစ်လျောကြေးများစွာပေးရခြင်း၊ နျူကလီးယားဗုံးဒဏ်ခံရခြင်းတွေ ရှိခဲ့ပေမယ့် ဂျပန်တွေ ပြာပုံထဲမှာ ထိုင်မနေခဲ့ဘူး။ ရုန်းထခဲ့တယ်။ စည်းလုံးခဲ့ကြတယ်။ လုံခြုံရေးနဲ့ စစ်အသုံးစရိတ်အတွက် မပူပန်ရခြင်းက ဂျပန်တွေကို အသက်ရှူချောင်စေခဲ့တယ်။ စစ်ပွဲတွေ မရှိတော့ခြင်းနဲ့ ကာကွယ်ရေး စရိတ်ကို လျှော့ချနိုင်ခဲ့ခြင်းက ဂျပန်ကို ကုန်ထုတ်လုပ်ငန်းတွေမှာ မြှင့်တင်လုပ်ကိုင်နိုင်စေခဲ့တယ်။ အရည်အသွေးကောင်းပြီး စရိတ်သက်သာတဲ့ ပစ္စည်းတွေထုတ်တယ်၊ လျှပ်စစ်ပစ္စည်းတွေ ထုတ်တယ်။ အရည်အသွေးကောင်းပေမယ့် ဈေးကြီးတဲ့ အမေရိကန်နဲ့ ဥရောပ ပစ္စည်းတွေနေရာမှာ အရည်အသွေးကောင်းပြီး ဈေးသက်သာတဲ့ ဂျပန်ပစ္စည်းတွေ နေရာယူအောင် ကြိုးစားခဲ့တယ်။ ဖြစ်သမျှအကောင်းအဆိုးကို လက်ခံခဲ့တယ်။ ကောင်းဒဏ်ဆိုးဒဏ်ကို အားလုံးမျှခံခဲ့ပြီး ကြိုးစားခဲ့ကြတယ်။ အရာရာ ဆုံးရှုံးသွားပြီးနောက် စည်းစည်းလုံးလုံးနဲ့ ကြိုးစားခဲ့ကြတဲ့ ဂျပန်တွေ အောင်မြင်ခဲ့ကြတယ်။
