Type Here to Get Search Results !

လုပ်ငန်းခွင်မှာ ရန်သူမမွေးနဲ့


လူဆိုတာ အရွယ်ရောက်တာနဲ့ လုပ်ငန်းခွင်ထဲ ရောက်မယ်။ နယ်ပယ်တခုမှာ ရှင်သန်ရမယ်။
အဲဒီလို နယ်ပယ်ထဲရောက်လာပြီဆိုတာနဲ့ လူပေါင်းစုံနဲ့ တွေ့ရမှာပဲ။ အဲဒီတွေ့ရမယ့် လူတွေဟာ ကိုယ်မဟုတ်တဲ့လူတွေ၊ ပြောရရင် ကိုယ်နဲ့ အယူအဆ မတူတဲ့ လူတွေ ဖြစ်ချင်ဖြစ်မယ်။ ကိုယ်နဲ့ အသက်အရွယ်မတူတဲ့လူတွေ ဖြစ်ချစ်ဖြစ်မယ်။ ရှင်သန်ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်မတူတဲ့ လူတွေ ဖြစ်လိမ့်မယ်။ အဲဒီအခါ သူ့ပြောပုံဆိုပုံကို ကိုယ် သဘောမကျဘူး၊ သူ့အမူအရာကို ကိုယ်မကြိုက်ဘူး၊ သူ့စိတ်ဓာတ်ကို ကိုယ်မကြိုက်ဘူးစတဲ့ အခြေအနေတွေ ကြုံရဦးမှာပဲ။ စကားကို ကိုယ့်ကိုတမျိုးပြောပြီး နောက်လူကို တမျိုးပြောတဲ့ လူမျိုးကိုလည်း ကြုံမှာပဲ၊ ကိုယ့်ရှေ့မှာ ပြုံးပြပြီး နောက်ကနေ ချောက်ကျအောင် လုပ်တဲ့လူနဲ့လည်း တွေ့မှာပဲ။ မလိုရင်တမျိုး လိုရင်တမျိုး ဆက်ဆံတဲ့ လူနဲ့လည်း ကြုံနိုင်တယ်။ စကားကို ထေ့ပြောငေါ့ပြောတဲ့ လူနဲ့လည်း တွေ့ဦးမှာပဲ။ ကိုယ့်စေတနာကို နားမလည်တဲ့သူ၊ ကိုယ့်ကို အပြစ်မြင်တဲ့သူ၊ မနာလိုတဲ့သူ၊ ဖိနှိပ်ချင်တဲ့သူ တမျိုးမဟုတ်တမျိုးတော့ ကြုံနိုင်တယ်။ တံခါးပိတ်ရင် ဆောင့်ပိတ်သွားတာ၊ မကြားတကြားစောင်းပြောတာ စတဲ့ အသေးအဖွဲလေးတွေက အစ ကိုယ့်စိတ်ကို အနှောင့်အ‌ယှက်ပေးနိုင်တဲ့ အခြေအနေတွေ အနေအထားတွေနဲ့ အချိန်မရွေး ကြုံနိုင်တယ်။
ဘယ်လိုပဲ ကြုံကြုံ လုပ်ငန်းခွင်ဆိုတာ ခဏပဲ ကြုံရတဲ့ နေရာ။ ဒီနေရာမှာ နောက် ၁ နှစ် သို့မဟုတ် ၂ နှစ်ဆိုရင် သူရှိချင်မှ ရှိတော့မယ် ဒါမှမဟုတ် ကိုယ်ပြောင်းချင်လည်း ပြောင်းရမယ်။ နေရာတခုမှာ အမြဲရှိနေဖို့ဆိုတာ မသေချာဘူး။ သေချာတာက အပြောင်းအလဲတွေ မတိုင်ခင်မှာ သူနဲ့ကိုယ်နဲ့က အမြဲတွေ့နေရမှာ သေချာတယ်။ ဒါကြောင့် သူ့ကို သဘောမကျတာ ရှိချင်ရမယ်၊ ကြည့်မရတာ ရှိချင်ရှိမယ် ဒါပေမယ့် ရန်မပွားနဲ့၊ ရန်သူမမွေးမိစေနဲ့၊ ကိုယ့်အတွက် ရန်သူတယောက်တိုးလေ ကိုယ့်အတွက် နယ်ကျဉ်းလေ၊ ကိုယ်စိတ်ဆင်းရဲရလေပဲ။ သူ့အပြုအမူမကြိုက်လို့ သူစကားပြောပုံဆိုပုံ မကြိုက်လို့ ကိုယ့်ဘာသာ ခပ်တည်တည်နေလိုက်ရင် တဘက်က သူ့အပြုအမူကို ဆင်ခြင်သွားမှာပဲ။ အဲဒီလို မဟုတ်ပဲ မင်းဘာလဲ ငါဘာလဲနဲ့ ဖြစ်ကြပြီဆိုရင် ကိုယ့်အတွက်ရော သူ့အတွက်ပါ နယ်ကျဉ်းသွားပြီ၊ ရန်သူတယောက် မွေးလိုက်မိပြီ၊ ကိုယ်နေ့တိုင်းတွေ့နေရမယ့် ရန်သူ၊ ကိုယ် မမြင်ချင်လည်း မြင်နေရမယ့် ရန်သူတိုးလာတာပါ။ အကောင်းဆုံးကတော့ ရန်မပွားတာ ရန်သူမမွေးတာ အကောင်းဆုံးပဲ။ ငါ့အကြောင်းသိစေရမယ်ဆိုပြီး ပြောလိုက်တာထက် ဆိတ်ဆိတ်နေလိုက်တာက ရန်ရှင်းတယ်။
နောက်ပြီး လူဆိုတာ တယောက်နဲ့တယောက် ပတ်ဝန်းကျင်မတူဘူး။ ဘဝမတူဘူး။ သူရှင်သန်နေရတဲ့ ဘဝကို ကိုယ် မသိနိုင်ဘူး။ သူ့မိသားစု အဆင်ပြေရဲ့လား၊ ကိုယ်မမြင်နိုင်တဲ့ တခြမ်းမှာ သူ့ဘဝက ဘယ်လိုလဲဆိုတာ ကိုယ်နားလည်ချင်မှ နားလည်မယ်။ ကိုယ့်ရဲ့ အဆင်မပြေမှုတွေကိုလည်း သူသိချင်မှ သိမယ်။ အဆင်မပြေတဲ့အခါ စိတ်မရှည်ဘူး။ ကိုယ့်ရဲ့ဒေါသတွေ၊ အလိုမကျမှုတွေ၊ သည်းခံထားရမှုတွေကို ဖောက်ခွဲဖို့ နေရာရှာတတ်တယ်။ စိတ်မရှည်ဘဲ အော်မယ်၊ စာအုပ်တွေ ဆောင့်ချမယ်၊ တံခါးကို ဝုန်းကနဲပိတ်မယ်၊ ပြီးတော့ တယောက်နဲ့တယောက် ထိပ်တိုက်တွေ့ပြီး အော်ဟစ်ကြတဲ့ အခြေအနေတွေ ဖြစ်ကုန်တယ်။ ဖြစ်ပြီး မေ့သွားရင် ကောင်းပေမယ့် တော်တော်များများက မမေ့နိုင်ကြပါဘူး။ လုပ်ငန်းအရဆက်စပ်တဲ့အခါတိုင်း အကြောင်းစုံတိုင်း ငြူစူနေရတဲ့အခါ ဘယ်သူမှ စိတ်မချမ်းသာရတော့ဘူး။ ဒါကြောင့်မို့ မဖြစ်ခင်ကတည်းက ကိုယ့်ဒေါသတွေကို တဘက်လူအပေါ် မပုံချမိခင်ကတည်းက ရန်ရှောင်ပါ။ ရန်သူမမွေးပါနဲ့။ လုပ်ငန်းခွင်ဆိုတာ ခဏလေးဆုံတာပါ။ သူရောကိုယ်ရော ဒီလုပ်ငန်းခွင် ဒီနယ်ပယ်မှာ အမြဲမရှိဘူး၊ အကြောင်းတိုက်ဆိုင်လို့ အခြားအချိန်တခု နယ်ပယ်တခုမှာ ပြန်ဆုံကြရင်တောင် ရန်စမပွားထားရင် သူ့အတွက်ရော ကိုယ့်အတွက်ရော အန္တရာယ်ကင်းတယ်။
လုပ်ငန်းခွင်မှာ ရန်သူမမွေးနဲ့။
သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.