၁၈၀၀ ခုနှစ်လောက်ကတည်းက ခုချိန်ထိ မြန်မာတွေရဲ့ ကိုယ့်ကိုယ့်ကိုယ် အထင်ကြီးတဲ့စိတ် မာန်တက်တဲ့ စိတ်က နှစ်ပေါင်း ၂၀၀ ကျော် ဒီနေ့ထိ ဒီတိုင်းပဲ။ ဘုန်းမီးနေလ ဘာညာသာရကာ၊ သာကီဝင်မင်းမျိုးဆိုတာတွေနဲ့ပဲ ကျေနပ်နေကြတယ်။ ကိုယ့်ကိုယ်ကိုယ် ဟုတ်နေပြီ ရနေပြီ ပြည့်စုံနေပြီလို့ အထင်ရောက်ကြတယ်။ လက်ခမောင်းခတ်နိုင်ရင် မျိုးချစ်စိတ်လို့ အော်နိုင်ရင်ပဲ လုံခြုံပြီ၊ ကာကွယ်နိုင်ပြီလို့ ထင်ကြတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်ကတည်းက ဝါးရင်းတုတ်လေး၊ ငှက်ကြီးတောင်ဓားလေးနဲ့ပဲ ကျေနပ်နေတဲ့ အချိန်မှာ အင်္ဂလိပ်က အမြောက်နဲ့ပစ်ချသွားတာ ဘုရင်ပါ ပါတော်မူသွားတယ်။
လွတ်လပ်ရေး ရဖို့ ပြန်တိုက်ယူရတာ နှစ် ၁၀၀ ကျော် ကြာသွားတယ်။ ဒီနေ့ခေတ်မှာ တိုးတက်မှု နည်းပညာတွေ၊ အသိပညာ၊ အတတ်ပညာ ဘာဆိုဘာမှ မရှိသေးဘူး၊ လွန်ခဲ့တဲ့ ၂၀၀ ကျော်ကအတိုင်း မျိုးချစ်၊ မျိုးချစ် တိုင်းချစ် ပြည်ချစ်နဲ့ အော်လို့ ကောင်းနေကြတုန်းပဲ။ တကယ်တမ်း နိုင်ငံအတွက် လိုအပ်နေတဲ့ ပညာတွေ၊ အသိဉာဏ်တွေ၊ စွမ်းအားတွေ (စွမ်းအားရှင်ကို ဆိုလိုခြင်းမဟုတ်) တွေရဲ့ တန်ဖိုးကို နားမလည်ကြသေးဘူး။ မျိုးချစ်စိတ်လို့ အော်ရင် မြေကြီးက ရွှေသီးတော့မလိုလို၊ ဆန်ရေစပါး ပေါကြွယ်များတော့မလိုလို တကယ်တမ်း နိုင်ငံက အတတ်ပညာအားနည်းလို့ ကိုယ့်ရှိတာတွေ ရောင်းနေရတာကို မမြင်နိုင်ကြဘူး။ ကိုယ်မှာ သစ်ရှိပြီး ပန်းပုပညာမရှိရင် ပန်းပုပညာရှင်က သစ်ဈေးနဲ့ ကိုယ့်ဆီမှာဝယ်ပြီး ပန်းပုထုပြီး အရုပ်ဈေးနဲ့ သူက ပြန်ရောင်းမှာ။ ကိုယ့်မှာ ရေနံထွက်ပြီး ဆီမချက်တတ်ရင် သူ့ကို ရေနံဈေးနဲ့ ရောင်းပြီး လောင်စာဆီကိုတော့ ဈေးကောင်း ပြန်ဝယ်သုံးရမှာပဲ။ လောကမှာ ပညာလိုတယ်။
အဲဒါကို ဘာမှမလိုဘူး၊ ကိုယ့်ဘာကိုနေမယ်၊ ဘာဆက်ဆံရေးမှ မလိုဘူး၊ ဘာကိုမှ လက်မခံနိုင်ဘူးဆိုတာ မျိုးချစ်တာ မဟုတ်ဘူး ကန်းနေတာ၊ ကိုယ့်နိုင်ငံ မတိုးတက် မပြည့်စုံဘဲ မျိုးချစ်လည်း အလကားပဲ။
နည်းပညာ
အသိပညာ
အတတ်ပညာတွေလိုတယ်။
ဒါတွေကို နားမလည် ငါတို့ ဘာမျိုးဆိုပြီး လက်ခမောင်းခတ်လို့ကတော့ ဟိုက လက်ညှိုးကွေးပစ်ခဲ့လို့ လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်ကတည်းက မြန်မာတွေ သေခဲ့ပြီးပြီ။
ဒီနေ့ဒီချိန်မှာလည်း မျိုးချစ်ဟေ့ ဘာမျိုးဟေ့ဆိုပြီး ဘာနည်းပညာမှ မလေ့လာဘဲ ထိုင်အော်နေလို့ကတော့ နည်းပညာရှိပြီးသားသူတွေ ထုတ်သမျှလိုက်သုံးပြီး ဒီတိုင်းပဲ သွားနေမှာပဲ။ မျိုးချစ်ရင် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ကြ၊ နိုင်ငံကို တိုးတက်အောင်လုပ်ကြပေါ့၊ မျက်စိပိတ် နားပိတ်နေတာ မျိုးချစ်တာ မဟုတ်ဘူးဆိုတာ သဘောပေါက်သင့်နေပြီ။
