အစတုန်းကတော့
နည်းပညာအကြောင်းကို ကျွန်တော်ဘာမှမသိဘူး။ စီမံခန့်ခွဲမှုတွေကိုလည်း ကျွန်တော်ဘာမှ
မသိပါဘူး။ ဒါပေမယ့် တခုပဲရှိတယ် သင် အများကြီး သိဖို့မလိုဘူး။ သင့်ထက်
လူတော်တွေကိုပဲ သင်ရှာရမယ်။ ကျွန်တော့ထက် လူတော်ကို နှစ်ပေါင်းများစွာကြာအောင်
ကျွန်တော်ရှာခဲ့တယ်။ နောက်ပြီးတော့ လူတော်တွေကို ရှာပြီးတဲ့အချိန်မှာ အဲဒီလူတော်တွေ
အတူတကွ အလုပ်လုပ်နိုင်ဖို့ ကြိုးစားရတယ်။ လူတော်တွေ အတူတကွ အလုပ်လုပ်နိုင်သွားမယ်ဆိုရင်တော့
လုပ်ငန်းက လွယ်ကူမြန်ဆန်သွားတယ်။ လူတော်တွေ အတူတကွ အလုပ်လုပ်နိုင်တယ်လို့ သင်
ထင်မြင်လိမ့်မယ်။ တကယ်တမ်းမှာတော့ သာမန်လူတွေပဲ အတူတကွ အလုပ်လုပ်နိုင်ဖို့
လွယ်ကူပေမယ့် လူတော်တွေကတော့ အတူတကွ အလုပ်လုပ်နိုင်ဖို့ မလွယ်ပါဘူး။
သင့်အသက်အရွယ်အလိုက်လုပ်ပါ
သင်ရဲ့အသက်က
၂၀ ကနေ ၃၀ အတွင်းမှာဆိုရင် လုပ်ငန်းရှင်ကောင်းတယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်သင့်တယ်။
ကုမ္ပဏီကောင်းတခုမှာ ဝင်ရောက်ပြီး လုပ်ငန်းတွေ ဘယ်လိုလည်ပတ်လဲဆိုတာ
သင်ယူနိုင်ပါတယ်။
သင့်ရဲ့အသက်
၃၀ ကနေ ၄၀ အတွင်းမှာဆိုရင်တော့ သင်ကိုယ်တိုင် လုပ်ချင်တဲ့အရာတွေကို လုပ်သင့်ပြီ။
သင့် စိတ်ကူးတွေကို အကောင်အထည်ဖော်လိုက်ပါ။ မတော်တဆ သင်လုပ်ငန်းလုပ်ကိုင်ရင်း
ရှုံးသွားရင်တောင် ပြန်ထူထောင်နိုင်ပါသေးတယ်။
ဒါပေမယ့်
သင့် အသက် ၄၀ ကနေ ၅၀ အတွင်းမှာဆိုရင်တော့ သင့်အတွက် အဆင်ပြေတဲ့ အနေအထားမျိုးမှာပဲ
သင်နေသင့်တယ်။ စွန့်စားမှု မလုပ်သင့်တော့ဘူး။ ဒီအချိန်မှာ စွန့်စားမှုလုပ်တာဟာ
အန္တရာယ်ရှိတယ်။
သင့်အသက်
၅၀ ကနေ ၆၀ ဆိုရင်တော့ လူငယ်တွေ၊ မျိုးဆက်သစ်တွေကို လေ့ကျင့်ပေး သင်ကြားပေးရင်းနဲ့
သင့်ရဲ့အချိန်တွေကို အသုံးချပါ။
သင့်အသက်
၆၀ ကျော်ရင်တော့ သင့်ရဲ့ မြေးတွေနဲ့ အချိန်တွေကုန်ဆုံးတာ အကောင်းဆုံးပါပဲ။
ကမ္ဘာ့ဆက်ဆံရေး
ကမ္ဘာ့ဆက်ဆံရေးက
ရပ်တန့်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဘယ်သူကမှ ကမ္ဘာ့ဆက်ဆံရေးကို
ရပ်တန့်လို့မရဘူး။ ဘယ်သူကမှ ကုန်သွယ်မှုတွေကို မတားဆီးနိုင်ဘူး။ ကမ္ဘာ့ဆက်ဆံရေးက
လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက အလုပ်ဖြစ်ခဲ့တယ်။ နိုင်ငံများစွာကို
တိုးတက်စေခဲ့တယ်။ ဒါပေမယ်လို့ ပြဿနာတွေကတော့ ရှိနေတုန်းပဲ။ လူငယ်တွေအတွက်
အခွင့်အလမ်းတွေ မရှိဘူး။ လုပ်ငန်းငယ်လေးတွေအတွက်လည်း အခွင့်အလမ်းတွေ မရှိဘူး။
ဖွံ့ဖြိုးဆဲနိုင်ငံတွေက လျစ်လျျူရှုခံနေရတယ်။ ဒါပေမယ့် နှစ် ၃၀ ပဲ ရှိပါသေးတယ်။
သက်တမ်းနုသေးတာပေါ့။ ဒီနေ့ခေတ်မှာတော့
ပိုကောင်းတဲ့ နည်းပညာတွေ ကျွန်တော်တို့မှာ ရှိနေပြီ။ ကမ္ဘာ့ဆက်ဆံရေးအကြောင်း
ပိုကောင်းတဲ့ အသိဉာဏ်တွေ ရှိနေပြီ။ ပြီးတော့ ကျွန်တော်တို့ မျိုးဆက်တွေရဲ့
တာဝန်ယူမှုနဲ့ အခွင့်အလမ်းတွေကလည်း ကမ္ဘာ့ဆက်ဆံရေးကို ပိုပြီးတိုးတက်စေဦးမယ်။
ကျွန်တော်တို့ရဲ့ပညာရေး
ကျွန်တော်တို့ရဲ့
သင်ကြားမှုပုံစံတွေကို မပြောင်းလဲဘူးဆိုရင် ပြဿနာတွေကြားမှာပဲ ကျွန်တော်တို့
ရှိနေလိမ့်မယ်။ ဒီနေ့ခေတ်မှာ ပညာရေးက စိန်ခေါ်မှုကြီး ဖြစ်နေပါပြီ။ ကျွန်တော်တို့
သင်ကြားရေးပုံစံတွေကို မပြောင်း လဲသရွေ့ နှစ် ၃၀ ကြာလည်း ပြဿနာတွေထဲမှာပဲ
ရှိနေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ သင်ကြားမှုပုံစံက လွန်ခဲ့တဲ့
နှစ် ၂၀၀ လောက်က အသိတရားပေါ်မှာ အခြေခံထားတဲ့ ပုံစံအတိုင်းဖြစ်နေလို့ပါပဲ။
နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေကို စက်တွေနဲ့ ယှဉ်ပြိုင်ဖို့အတွက်
သင်ကြားလို့မရဘူး။ ကလေးတွေက ပိုတော်ကြပါတယ်။ စက်တွေ ကျွန်တော်တို့ကို ဘယ်တော့မှ
မမီနိုင်တဲ့ အသိပညာတွေကို ကျွန်တော်တို့ မျိုးဆက်တွေကို သင်ပေးရမယ်။
Jack Ma (CEO, Alibaba)