ဒီနေ့မှာ ၅ နှစ် ၆ နှစ်အရွယ်ကလေးတွေဟာ နောင် ၁၀ နှစ်နေရင် ၁၅ နှစ် ၁၆ နှစ်အရွယ်တွေဖြစ်ကြမယ်။ တက္ကသိုလ်တွေတက်ကြတော့မယ်။ လောကကြီးနဲ့ စတင်ထိတွေ့တဲ့အရွယ်တွေ ဖြစ်ကြတော့မယ်။
နောင် ၁၅ နှစ် နေရင် လုပ်ငန်းခွင်တွေ ဝင်ကြတော့မယ်။ အချို့လည်း ပညာဆက်သင်ကြမယ်။ တချို့တွေက ဆရာတွေ ဖြစ်မယ်။ တချို့တွေက ပညာရှင်တွေဖြစ်မယ်။ သူ့နယ်ပယ်အလိုက် တာဝန်တွေ ယူကြတော့မယ်။
နောင်အနှစ် ၂၀ နေရင် အားလုံးနီးပါး လုပ်ငန်းခွင်ထဲရောက်နေကြတော့မယ်။ နယ်ပယ်အသီးသီးမှာ လုပ်ကိုင်ကြတော့မယ်။ တရားရေးကို တာဝန်ယူတဲ့သူ၊ ကာကွယ်ရေးကို တာဝန်ယူတဲ့သူ၊ ပညာရေးကို တာဝန်ယူတဲ့သူ၊ အုပ်ချုပ်ရေးကို တာဝန်ယူတဲ့သူ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်သား၊ ကျောင်းဆရာ၊ ရှေ့နေ၊ ကုန်သည်၊ ပွဲစား စတဲ့ ကိုယ့်အခန်းကဏ္ဍနဲ့ နိုင်ငံရဲ့ တထောင့်တနေရာကနေ တာဝန်တွေ ထမ်းကြတော့မယ်။
နောင် ၂၅ နောက်ပိုင်းမှာ ဒီနိုင်ငံကို သူတို့ လက်လွှဲယူကြတော့မယ်။ ဒီနိုင်ငံအတွက် ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုသူတို့ ဆုံးဖြတ်ရတော့မယ်။ ဒီနိုင်ငံဟာ ဒီတို့တွေရဲ့ စိတ်ဓာတ်တွေ၊ စွမ်းဆောင်ချက်တွေ၊ စည်းကမ်းတွေ အပေါ်မှာမူတည်ပြီး သူတို့နဲ့အတူတူရှိနေတော့မယ်။
သူတို့ကို သင်ပေးပါ
ကိုယ့်တာဝန်ကိုယ်ယူတတ်ဖို့ သင်ပေးပါ။ အမှိုက်ကို ပြီးစလွယ် မပစ်ချရကြောင်းလည်း သင်ပေးပါ။ လူတဦးကိုတဦး ပြန်အလှန် လေးစားတတ်အောင် သင်ပေးပါ။ အကောင်းအဆိုးခွဲခြားတတ်အောင် သင်ပေးပါ။ နိုင်ငံတခုရဲ့ ဂုဏ်သိက္ခာဆိုတာ နိင်ငံသား တဦးတယောက်ချင်းစီကနေ ဖြစ်ပေါ် ကြောင်း သင်ပေးပါ။ စာအုပ်စာပေတွေက ယဉ်ကျေးခြင်းနှင့် အသိဉာဏ်ကို ဖြစ်ပေါ်စေကြောင်း သင်ပေးပါ။ နိုင်ငံကြီးသားတယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားတွေကို သင်ပေးပါ။ သံယံဇာတတွေဟာ ာင်းကုန်မဟုတ်ကြောင်း သင်ပေးပါ။ ကိုယ်ကျိုးစွန့်ခဲ့ကြတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သူရဲကောင်းတွေ အကြောင်း သင်ပေးပါ။
ကိုယ်ကျိုးကြည့်ခဲ့ကြလို့ အမှားတွေနဲ့ ထိခိုက်ခဲ့ရမှုတွေလည်း သူတို့ နားလည်းအောင် သင်ပေးပါ။ အသိဉာဏ်နည်းပါးတဲ့အခါ သိမ်ငယ်ရတဲ့အကြောင်း သင်ပေးပါ။ ပညာရေးနိမ့်ကျတဲ့အခါ နိုင်ငံဆင်းရဲရကြောင်း သင်ပေးပါ။ တရားရေး မမျှတတခဲ့အခါ ပူပန်ရကြောင်း သင်ပေးပါ။ စည်းကမ်းမရှိကြတဲ့အခါ ဂုဏ်ငယ်ရကြောင်း သင်ပေးပါ။ အတိတ်က လုပ်ခဲ့သမျှဟာ ဒီနေ့မှာ အရိပ်ထင်တယ်။ အတိတ်ရဲ့ အမှားတွေကို ဒီနေ့မှာ ဒုက္ခတွေ အဖြစ် ရင်ဆိုင်ဖြတ်သန်းနေရပါပြီ။ ဒီနေ့ လုပ်သမျှဟာ နောင် အနာဂတ်မှာ အရိပ်ထင်ဦးမယ်။ အနောင်အနာဂတ်မှာ နိုင်ငံကို ဦးစီးကြမယ့် ကလေးတွေကို ဒီနေ့ကတည်းက သင်ပေးပါ။
သူရိန်
20 Oct 2019
20 Oct 2019
