Type Here to Get Search Results !

မင်းရဲ့အိမ်

Photo credit - https://www.wallpaperflare.com/buildings-house-fall-foliage-forest-man-made-orange-tree-wallpaper-hthra


ငါ့ကို “မြန်မာ”လို့ ခေါ်ကြတယ်။
ငါ့ကို အလကားလို့ ပြောတဲ့အခါ ငါ့မှာ ရင်တွေနာရတယ်။
ငါက အချုပ်အခြာပိုင်နိုင်ငံပါ။
ငါ့ရဲ့ ဧရိယာအကျယ်အဝန်းက အဆင့် (၄၀)၊
ကမ္ဘာမှာ ငါ့ထက် ကျယ်ဝန်းတဲ့ နိုင်ငံ (၃၉) နိုင်ငံပဲရှိပါတယ်။
မင်းတို့ တောင်တန်းတွေပေါ် လွင့်မြောချင်တဲ့အခါ ငါ့မှာ တောင်တန်းတွေရှိတယ်။
မင်းတို့ ပင်လယ်ကြီးကို ငေးမောချင်တဲ့အခါ ငါ့မှာ ကမ်းရိုးတန်းတွေ ရှိတယ်။
ရေခဲတောင်လည်း ရှိချင်တယ် မဟုတ်လား။ ငါ့မှာ ရေခဲတောင်လည်းရှိပါတယ်။
တောင်နဲ့မြောက်စီးဆင်းနေတဲ့ မြစ်တွေလည်း ငါ့မှာရှိတယ်။
ကမ္ဘာ့သမုဒ္ဒရာတွေအထိ ရွက်လွင့်နိုင်တဲ့ ပင်လယ်ပြင်လည်း ငါ့မှာရှိတယ်။
ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်ဘာသာစကားတွေနဲ့
တိုင်းရင်းသားတွေလည်း ငါ့မှာရှိတယ်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တွေလည်း ငါ့မှာ ရှိတယ်။
တချို့တွေ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ရူးသွပ်နေရချိန်မှာ
ကမ္ဘာ့အမွေအနှစ်စာရင်းတွေ ငါပိုင်ဆိုင်ထားပြီ။

သမိုင်းအစဉ်အလာတွေ ငါပိုင်ဆိုင်ထားပြီ။ သမိုင်းသင်ခန်းစာတွေလည်း ငါရထားပြီ။
မင်းတို့ချစ်တဲ့ ဧရာဝတီကြီးလည်း ငါ့မှာရှိတယ်လေ။
မင်းတို့ နှစ်သက်တဲ့ တောင်တန်းတွေ ငါ့မှာရှိတယ်။
သူများတွေ တကူးတကသွားရတဲ့ ပင်လယ်ကြီး ငါ့မှာရှိတယ်။
ကမ္ဘာလှည့်တွေ တအံ့တဩဖြစ်ရတဲ့ ယဉ်ကျေးမှုတွေ ငါ့မှာရှိတယ်။
ငါ့မှာ ရိုးစင်းတဲ့တောရွာတွေ ရှိတယ်။ ဆန်းကြယ်တဲ့ မြို့ပြတွေလည်းရှိတယ်။
ဒီနိုင်ငံမှာ မင်းဟာ မွေးဖွားတာကနေ သေဆုံးတဲ့အထိ ငါနဲ့အတူတူ နေထိုင်ခွင့်ရှိတယ်။
မင်းဟာ နိုင်ငံမဲ့ မဟုတ်ဘူး။ မင်းက မြန်မာပဲ။ မင်း ဘယ်ရောက်ရောက် မြန်မာဆိုတဲ့ ပြန်စရာအိမ် မင်းမှာ ရှိတယ်။ ဒီနိုင်ငံက မင်းရဲ့အိမ်ပဲ။
မင်းက မြန်မာဖြစ်သလို၊ မြန်မာဆိုတာလည်း မင်းပဲ။
ဒါနဲ့များ ဘာကြောင့် ငါ့ကို မချစ်တာလဲ။

စစ်တွေဖြစ်လို့လား။
ဒီစစ်ပွဲတွေ ငြိမ်းအောင် မင်းတို့လုပ်ရမှာ။ စစ်တွေမဖြစ်အောင် မင်းတို့ ကြိုးစားရမှာ။
မင်းတို့ ပစ်တဲ့ ကျည်ဆံတိုင်းက ငါ့ကိုမှန်တယ်။ ငါ့မှာလည်း ဒဏ်ရာအထပ်ထပ် ဖြစ်နေပြီဆိုတာ မြင်စေချင်ပါတယ်။

စည်းကမ်းမရှိလို့လား။
စည်းကမ်းရှိအောင်လည်း မင်းတို့ပဲ လုပ်ရမှာ။
ငါက လုပ်လို့မရဘူး။ မြန်မာဆိုတဲ့ ခေါင်းစဉ်အောက်မှာ မင်းတို့ စည်းကမ်းရှိရမှာ။
မင်းတို့ စည်းကမ်းရှိမှ ငါလည်း သန့်ရှင်းမယ်။ ငါက နိုင်ငံ မင်းတို့က နိုင်ငံသား
နိုင်ငံသားတွေ စည်းကမ်းရှိမှ နိုင်ငံဖြစ်တဲ့ ငါလည်း သန့်ရှင်းမှာပေါ့။ လှပမှာပေါ့။

မတရားမှုတွေ ရှိလို့လား။
တရားသဖြင့်ရအောင် မင်းတို့လုပ်ရမယ်။ မင်းတို့နေတဲ့ နိုင်ငံအတွက် မင်းတို့ ကြိုးစားပေးသင့်တယ်လေ။
ငါ့မှာ တရားမျှတမှုတွေ ရှိရင် မင်းတို့လည်း တရားမျှတစွာနေရမယ်။  အဲဒီတရားမျှတမှုတွေအတွက် မင်းတို့ကြိုးစားပေးရမယ်။

မလုံခြုံလို့လား
လုံခြုံအောင်လည်း မင်းတို့ လုပ်ပေးရမှာ။ မင်းတို့တွေ တဦးနဲ့တဦး ရိုင်းပင်းကြရင် တဦးကိုတဦး စောင့်ရှောက်ကြရင် မင်းတို့လည်း လုံခြုံတယ်။ ငါလည်း လုံခြုံတယ်။

မတိုးတက်လို့လား
တိုးတက်အောင်လည်း မင်းတို့ပဲ လုပ်နိုင်ပါတယ်။ မင်းတို့ကိုယ်တိုင် တိုးတက်အောင် ကြိုးစားမှ နိုင်ငံဖြစ်တဲ့ ငါက တိုးတက်တယ်။ မင်းတို့ ဆုတ်ယုတ်တဲ့အခါ ငါကျဆင်းတယ်။
ပြောရရင် နိုင်ငံဖြစ်တဲ့ ငါ့ရဲ့အနာဂတ်က နိုင်ငံသားဖြစ်တဲ့ မင်းတို့ လက်ထဲမှာပဲ ရှိပါတယ်။ မင်းတို့ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ငါမျှဝေခံစားနိုင်တယ်။

မင်းတို့ ကြိုးစားမှ ငါတိုးတက်တယ်။
မင်းတို့ စည်းကမ်းရှိမှ ငါသန့်ရှင်းတယ်။
မင်းတို့ အချင်းအချင်းရိုင်းပင်းမှ ငါ့မှာ အေးချမ်းတယ်။
မမေ့ပါနဲ့။ မင်းတို့ရဲ့ နိုင်ငံပါ။
မင်းတို့ချစ်တဲ့ တောင်တန်းတွေ၊ ပင်လယ်တွေ၊ ရေခဲတောင်တွေ၊ ယဉ်ကျေးမှုတွေ၊ တိုင်းရင်းသားတွေ၊ မြစ်ချောင်း ငါ့မှာ ရှိတယ်။ ငါ့ကို ချစ်ပါ။ ငါက မြန်မာပါ။ မင်းရဲ့ ကောင်းခြင်းဆိုးခြင်းကို ဝေမျှခံစားရတဲ့ မြန်မာပါ။

သူရိန်


Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.