
သူ့ အသက် ၇ နှစ်မှာ ချက်တတ်ပြုတ်တတ်အောင်သူ သင်ယူရတယ်။ သူ့အမေအလုပ်သွားတဲ့အခါ သူ့အောက်က ညီ၊ ညီမတွေကို စောင့်ရှောက်ကျွေးမွေးရတယ်။ တနေ့မှာတော့ သူဟာ ဟင်းချက်နေရင်း ပေါင်မုန့်တလုံးလုပ်ကြည့်တယ်။ သူ လုပ်နိုင်သွားတယ်။ သူဟာ သူကိုယ်တိုင်လုပ်ထားတဲ့ ပေါင်မုန့်ကို သူ့အမေကို ပြချင်တဲ့အတွက် နေအိမ်ကနေ ၃ မိုင်အကွာက သူ့အမေရှိရာစက်ရုံကို သူ့ညီနှင့်ညီမကိုခေါပြီး လမ်းလျှောက်သွားခဲ့ကြတယ်။ သူ ၆ တန်းနှစ်ရောက်တော့ ကျောင်းကနေထွက်ခဲ့ရပြီး ယာခင်းထဲမှာ အချိန်ပြည့် ဝင်လုပ်ပါတယ်။ နောက်ပိုင်း အလုပ်တွေ တစ်ခုပြီးတစ်ခု သူ ပြောင်းခဲ့ပါတယ်။ တခါတလေ ယာဉ်လက်မှတ်ရောင်းအဖြစ်လည်း လုပ်ပါတယ်။ နောက်တော့ သူ့ရဲ့မွေးသက္ကရာဇ်ကို ပြင်ပြီး တပ်ထဲကို သူ ဝင်လိုက်တယ်။
တပ်ကနေ ထွက်လာပြီးနောက်ပိုင်းမှာ မီးရထားတည်ဆောက်ရေးလုပ်ငန်းမှာ ရထားတွဲ သန့်ရှင်းရေးအလုပ်ကို သူဝင်လုပ်တယ်။ သူ့ ဘဝမှာ အလှည့်အပြောင်းတွေ အဆင်မပြေမှုတွေအများကြီးကို သူကြုံရတယ်။ သူ့ဘဝကို သူကျေနပ်ခြင်းမရှိခဲ့ဘူး။ သူဟာ အမြဲတမ်းတစ်ခုခုကို ရှာဖွေနေခဲ့တယ်။ သူ့အသက် ၁၈ နှစ်မှာ လှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သိပ်မကြာမီမှာပဲ သူတို့ လက်ထပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သူဟာ ဥပဒေပညာကို လေ့လာပြန်တယ်။ ပြီးတော့ အာမခံ ကိုယ်စားလှယ်အဖြစ် အသက်မွေးပါတယ်။ အလုပ်တွေ တစ်ခုပြီးတစ်ခု သူပြောင်းနေတုန်းပါပဲ။ သူ့အသက် ၃၀ မှာ ကူးတို့လှေ ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တယ်။ သူ့ရဲ့ ကူးတို့လှေလုပ်ငန်းဟာ ချက်ချင်းအောင်မြင်ခဲ့ပါတယ်။
သူ့ရဲ့ ကုမ္ပဏီအောင်မြင်လာတဲ့အခါ အစုရှယ်ယာတွေကို ထုတ်ရောင်းပြီး လုပ်ငန်းတိုးချဲ့ဖို့ သူကြိုးစားခဲ့တယ်။ နောက်တော့ မီးအိမ်လုပ်ငန်းကို သူတိုးချဲ့တည်ထောင်ခဲ့ပါတယ်။ မီးအိမ်တွေကို ရောင်းချဖို့အတွက် အရောင်းကိုယ်စားလှယ်တွေကို သူ ငှားတယ်။ ဒီလုပ်ငန်းကလည်း အလုပ်ဖြစ်ခဲ့ပါတယ်။ နေ့စဉ်လိုလိုပဲ ပစ္စည်းအမှာလွှာတွေ ရရှိခဲ့တယ်။ နောက်ဆုံးတော့ သူလုပ်နိုင်ခဲ့ပြီလို့ သူတွေးတယ်။ ဒါပေမယ့် ကံတရားမှာ အခြားမျက်နှာစာတွေ ရှိပါတယ်။ သူ့ရဲ့မီးအိမ်လုပ်ငန်း ပျက်စီးသွားခဲ့တယ်။ သူ့လုပ်ငန်းတွေ ရပ်လိုက်ရတယ်။ အဲဒီနောက် သူဟာ မီချယ်လင်းတာယာ အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ပါတယ်။ ဒီလုပ်ငန်းလည်း ရပ်ဆိုင်းသွားတာကြောင့် အလုပ်လက်မဲ့ဘဝကို သူရောက်သွားပြန်တယ်။
အလုပ်ရှာဖို့အတွက် သူ မြို့တွေ တစ်ခုပြီးတစ်ခုဆီကို သွားခဲ့တယ်။ အလုပ်မရခဲ့ပါဘူး။ ပြန်လာတဲ့အချိန်မှာ သူ့လက်ထဲမှာ ငွေတပြား မကျန်တော့ဘူး။ အဲဒီနောက် သူငွေချေးပြီး ဆီဆိုင်တစ်ခုဖွင့်ခဲ့ပါတယ်။ ထိုလုပ်ငန်းအဆင်ပြေလာချိန်မှာပဲ စီးပွားရေးပျက်ကပ်ကြောင့် အခြားလုပ်ငန်းတွေလိုပဲ သူ့ဆီဆိုင်လည်း ပိတ်ခဲ့ရပြန်တယ်။ သူ့ အသက် ၄၀ ရောက်တော့ အစားအသောက်တွေရောင်းတဲ့ ဆိုင်လေး ဖွင့်ခဲ့တယ်။ လူတွေက သူ့ဆိုင်က အစားအသောက်တွေရဲ့ ရသာကို ကြိုက်ကြတယ်။ သူ့လုပ်ငန်းကြီးကျယ်ခဲ့တယ်။
အဲဒီအခါမှာ သူဟာ မိုတယ်နှင့်စားသောက်ဆိုင်ကို တိုးချဲ့ဖွင့်လိုက်တယ်။ သူ့လုပ်ငန်း ကြာရှည်မခံခဲ့ပါဘူး။ တိုးချဲ့မည့် လမ်းဧရိယာနှင့် မလွတ်ကင်းတာကြောင့် သူ့မိုတယ်နှင့်စားသောက်ဆိုင်လည်း ပိတ်ပစ်လိုက်ရတယ်။ သူတည်ထောင်ခဲ့တဲ့ သူ့လုပ်ငန်းဟာ သူ့မျက်စိရှေ့မှာတင် ပျက်စီးသွားတာကို သူလက်ပိုက်ကြည့်နေခဲ့ရတယ်။ သူဘာမှမတတ်နိုင်ခဲ့ဘူး။ သူ ဒေဝါလီခံရနီးပါးဖြစ်သွားတယ်။ မွဲပြာကျသွားခဲ့တယ်။ ဒါဟာ သူ့ဘဝရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူလက်မလျှော့ပါဘူး။ သူ့ရဲ့ဆုံးရှုံးမှုအားလုံးက သူ့ကို အရှုံးမပေးဖို့ တိုက်တွန်းနေတယ်လို့ပဲ သူခံယူတယ်။
သူဟာ ကိုယ်တိုင်တီထွင်ထားတဲ့ ကြက်ကြော်နည်းကို ဆိုင်အမျိုးမျိုးမှာ ဈေးနည်းနည်းနဲ့ လိုက်ရောင်းကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်တော့ ၈၇ ဒေါ်လာ ချေးယူပြီး သူ့ရဲ့ ကြက်ကြော်နည်းကို တဆိုင်ဝင်တဆိုင်ထွက် လိုက်ရောင်းပါတယ်။ ဒီအချိန်မှာ သူ့အသက်ဟာ ၆၅နှစ်ရှိနေပါပြီ။ လူတွေက ခင်ဗျားအသက်ကြီးပြီ အနားယူသင့်ပြီလို့ သူ့ကို ပြောကြတယ်။ သူလက်မလျှော့ခဲ့ဘူး။ တဆိုင်က ငြင်းလိုက်တဲ့အခါ နောက်တဆိုင်ကို သူ ထပ်ရောင်းတယ်။ သူ့ရဲ့ ကြက်ကြော်နည်းကို ဝယ်ယူဖို့ ၁၀၀၉ ကြိမ်ထိ အငြင်းခံခဲ့ရပါတယ်။ နောက်ဆုံးတစ်ဆိုင်မှာတော့ သူ့ရဲ့ ကြက်ကြော်နည်းကို ဆိုင်ရှင်က စိတ်ဝင်စားခဲ့တယ်။ တကယ်သုံးကြည့်တဲ့အခါမှာ အရသာဟာ ထူးခြားကောင်းမွန်နေတာကို ဆိုင်ရှင်ကသိသွားတဲ့အတွက် သူ့ရဲ့ ကြက်ကြော်နည်းကို လက်ခံခဲ့တယ်။
အဲဒီကြက်ကြော်ဟာ ယနေ့ ကမ္ဘာနေရာအနှံ့အပြားမှာ စားသုံးနေကြတဲ့ KFC ကြက်ကြော်ပါပဲ။ ဒီနေ့အခါမှာ ကမ္ဘာ့မြို့ကြီးတွေရဲ့ အထင်ကရ နေရာတိုင်းမှာ KFC ကြက်ကြော်ဆိုင်တွေကို ရနေပါပြီ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် KFC ကြက်ကြော်ရဲ့ အပြောင်းအလဲမရှိ ထူးခြားတဲ့ ကြက်ကြော်အရသာကို ခံစားနိုင်မှာ ဖြစ်တယ်။ ကမ္ဘာပေါ်မှာ ဆိုင်ပေါင်း ၂၀၀၀၀ ကျော်က KFC ကြက်ကြော်ကို ရောင်းချနေပြီး နှစ်စဉ်ရောင်းရငွေဟာ ဒေါ်လာ ၂၃ ဘီလျံရှိပါတယ်။ ဒါဟာ အသက် ၆၅ နှစ်အရွယ် အဘိုးအိုတစ်ယောက်ရဲ့ အကြိမ်ကြိမ်ဆုံးရှုံးမှုတွေကြားကနေ ကြိုးစားခဲ့မှုပဲ ဖြစ်ပါတယ်။ ဒီနေ့မှာ သူ့ရဲ့ ကြက်ကြော်နည်းနဲ့ ကြော်ထားတဲ့ KFC ကြက်ကြော်များကို လူတွေ စားသုံးနေပါပြီ။ သူကတော့ Kentucky Fried Chicken (KFC) ကို တည်ထောင်သူ Colonel Sanders ပဲဖြစ်ပါတယ်။
သင့်ဘဝမှာရော ဘာတွေကြုံရလဲ။ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။ သင် အတိတ်မှာ ကျရှုံးခဲ့သလား။ လက်ရှိအချိန်မှာ အကျပ်အတည်းဖြစ်နေသလား။ မရှုံးဖူးတဲ့လူ မရှိသလို၊ အခက်အခဲ မတွေ့ဖူးတဲ့ လူဆိုတာ မရှိပါဘူး။ သင်ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အသစ်အဆန်းတစ်ခုကို သင်ယူဖို့ နောက်ကျတယ်ဆိုတာ မရှိဘူး။ လှပတဲ့ တွေ့အကြုံအသစ်တစ်ခုကို ရယူဖို့ နောက်ကျတယ်ဆိုတာ မရှိဘူး။ ကြိုးစားဖို့လည်း နောက်ကျတယ်ဆိုတာ မရှိဘူး။ သင် ဘယ်နှစ်ကြိမ် လဲကျ၊ လဲကျ ဘာမှအရေးမကြီးဘူး၊ သင် ပြန်ထနိုင်ရင်ရပြီ။ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ လက်မလျှော့ပါနဲ့။
သူရိန်
23.7.2019