Type Here to Get Search Results !

Unicode သုံးရခြင်းအကြောင်း

Unicode ကို ပြောင်းသုံးဖို့ တိုက်တွန်းတာဟာ ကုန်ပစ္စည်းကြော်ငြာတာ မဟုတ်သလို Unicode ကို သုံးတာကလည်း ဇော်ဂျီနဲ့ ယူနီကုဒ် ဘယ်ဟာ ကောင်းသလဲဆိုပြီး အားပြိုင်ခြင်းမဟုတ်ပါဘူးခင်ဗျ။
နည်းပညာခေတ်ကြီးမှာ ကျွန်တော်တို့ မြန်မာစာကိုလည်း အဆင့်တန်းမီမီ စနစ်တကျ အသုံးပြုဖို့ Device တွေအားလုံးမှာ သုံးနိုင်ဖို့ လိုအပ်လာပါတယ်။ အစိုးရလုပ်ငန်း၊ ရုံးလုပ်ငန်း၊ ဆက်သွယ်ရေးစနစ်တွေမှာလည်း စနစ်ကျတဲ့ မြန်မာစာ လိုအပ်ပါတယ်။ အရင်က မြန်မာစာကို ဖတ်လို့ရေးလို့ရနေတာဟာ သီးသန့်စနစ်တခု ထည့်လို့သာ ကျွန်တော်တို့ ဖတ်လို့ ရနေတာပါ။ အဲဒီ စနစ်ကို ဖယ်လိုက်ရင် ဒါမဟုတ် အဲဒီစနစ်မထည့်ထားတဲ့ ဖုန်း (သို့မဟုတ်) ကွန်ပျူတာမှာ သွားကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဘာမှ ဖတ်လို့မရဘူး။ ယူနီကုဒ် စနစ်မှာတော့ ကျွန်တော်တို့က မြန်မာစာအတွက်ရယ်လို့ တကူးတက ထည့်စရာမလိုတော့ပါဘူး။ ဒီတိုင်းကို မြင်ရပါတယ်။ Web browser တွေမှာလည်း font တွေ လိုက်မချိန်းပဲလည်း ယူနီကုဒ်စနစ်နဲ့ ရေးထားတဲ့ စာကို အမှန်တိုင်းပဲ မြင်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားဘာသာစကားတွေ အခြားကိုယ်နှစ်သက်ရာ ဘာသာစကားတွေ၊ Font style တွေနဲ့ တွဲဘက်သုံးစွဲဖို့ဆိုရင်လည်း ယူနီကုဒ်မှာ သုံးစွဲနိုင်ပါတယ်။
စာရေးနည်းစနစ်မှာလည်း ရေးချင်သလို ရေးမဟုတ်ပဲ စနစ်တကျ ဖွဲ့စည်းထားပါတယ်။ စနစ်တကျ ဖွဲ့စည်းထားခြင်းက ဘယ်လိုအကျိုးတွေ ကောင်းသလဲဆိုရင် သိမ်းဆည်းထားတဲ့ Data တွေ ပြန်ရှာတဲ့အခါမှာ အထောက်အပံ့ ဖြစ်မှာ ဖြစ်ပါတယ်။ ဒီတိုင်း ရေးချင်သလိုပဲ ရေးမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကိုယ်ဘယ်လို ရေးခဲ့ပြီး ဘယ်လိုသိမ်းခဲ့သလဲဆိုတာ မှတ်မိနိုင်မှာမဟုတ်ပါဘူး။ ဒီလို ရေးနည်းစနစ်နဲ့ စနစ်တကျ သွားတဲ့အခါ ကိုယ်လိုချင်တာကို နည်စနစ်အတိုင်း (သင်ပုန်းကြီးနည်း) အတိုင်း ရိုက်လိုက်တာနဲ့ အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။ အက္ခရာစဉ်မှာလည်း (က)မှ(အ) အထိ အက္ခရာစဉ်အတိုင်းသွားတာ ဖြစ်တဲ့အတွက် ပြန်ကြည့်ချင်တဲ့အချက်ကို မွှေနှောက်ရှာဖွေနေစရာမလိုပဲ အက္ခရာစဉ်ကို ကြည့်သွားရုံနဲ့ အလွယ်တကူ ရှာနိုင်မှာဖြစ်ပါတယ်။
ရရစ်(ြ) တချောင်း၊ နှစ်ချောင်းငင် တွေလည်း အမျိုးမျိုးမရှိတော့တဲ့အတွက် စကားလုံးတွေ ကွဲပြားမနေပဲ တူညီလာမယ်။ ဘယ်ရရစ်နဲ့ ရိုက်ရမလဲ တချောင်းငင် အတိုလား အရှည်လားဆိုပြီး စဉ်းစားစရာလည်း မလိုတော့ပါဘူး။
မှတ်ပုံတင်စနစ်တွေ၊ လိုင်စင်စနစ်တွေမှာလည်း အချက်အလက်တိကျဖို့ လိုအပ်တာကြောင့် Unicode နဲ့ပဲ အဆင်ပြေမှာဖြစ်ပါတယ်။
နောက်တခုက ကျွန်တော်တို့က Device တခုအသစ်ထွက်တယ်ဆိုရင် အဲဒီ Device မှာ မြန်မာစာ သုံးနိုင်ဖို့ကို နောက်မှလိုက်လုပ်ရတယ်။ မြန်မာစာလည်း သုံးလို့ရရော နောက်ထပ်အသစ်က ထွက်နေပြန်ရော။ ဒီလိုနဲ့ နောက်က လိုက်ရပြန်ရော ဖြစ်နေပါတယ်။ ခုတော့ နိုင်ငံတကာစံနှုန်းနဲ့ သတ်မှတ်ပေးထားတဲ့ Unicode မှာတော့ မြန်မာလည်းရှိတာကြောင့် မြန်မာစာကိုလည်း တခါတည်း သုံးလို့ရနေပါပြီ။
Global အနေနဲ့ ဝင်ဆံ့ဖို့ဆိုရာမှာလည်း ကမ္ဘာ့ဘာသာစကားတွေကြားထဲမှာ မြန်မာဘာသာလည်း အဆင့်မီမီ တန်းဝင်လာဖို့ပါ။ English လို သုံးမှလည်း မဟုတ်ပါဘူး။ Translate တွေကြားခံပြီး မြန်မကနေ စပိန်လို စပိန်ကနေ မြန်မာလို၊ တရုတ်-မြန်မာ၊ မြန်မာ-တရုတ်၊ အီတလီ-မြန်မာ၊ မြန်မာ-အီတလီ၊ ဂျပန်-မြန်မာ၊ မြန်မာ-ဂျပန် စသဖြင့် လွယ်ကူလျင်မြန်မာစွာ ဖလှယ်သုံးစွဲနိုင်မှာ ဖြစ်လို့ အချက်အလက်တွေ အသိပညာတွေလည်း အလွယ်တကူ ရရှိပါမယ်။ အခြား ကောင်းမွန်တဲ့အချက်တွေလည်း များစွာ ရှိပါသေးတယ်။ Unicode အဖြစ်ပြောင်းသုံးလိုက်တဲ့အခါမှာလည်း Version နိမ့်တဲ့ဖုန်းတွေ၊ Default unicode setting မှာ non-unicode တွေကို ရောထားတဲ့ ဖုန်းတွေက လွဲရင် ကျန်တာတွေဟာ ဘာမှ လုပ်စရာမလိုပဲ setting လေးမှာပဲ ပြောင်းလိုက်ရုံနဲ့တင် ရပါတယ်။ ပိုကောင်းတဲ့ စနစ်ကို ကူးပြောင်းတာပါခင်ဗျာ။ ယူနီကုဒ်နဲ့ ဇော်ဂျီ အားပြိုင်တာမဟုတ်ပါ။ မြန်မာဘာသာစကားကို အဆင့်အတန်းမီမီ ကမ္ဘာ့ဘာသာစကားတွေကြားထဲမှာ ပါဝင်လာဖို့အတွက် ရုံးလုပ်ငန်းတွေ လွယ်ကူမြန်ဆန်လာဖို့၊ မြန်မာစာကို စနစ်တကျ အသုံးပြုနိုင်ဖို့အတွက်ပါ။ ကောင်းဖို့အတွက်ပါ။ မသုံးရသေးရင် သုံးကြည့်ဖို့ တိုက်တွန်းပါရစေ။ နိုင်ငံအတွက် လိုအပ်ချက်မို့ ဖြည့်ဆည်းပေးကြပါ ကူညီပေးကြပါခင်ဗျ။

            သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.