Type Here to Get Search Results !

ကြိုးစားမှု ၁၀၀%

ကြိုးစားမှု ၁၀၀%

လွန်ခဲ့တဲ့ တချိန်တုန်းက သူ့ကို စကော့တလန်မှာ မွေးဖွားခဲ့ပါတယ်။ သူ့အဖေဟာ ရက်ကန်းသမားတစ်ယောက်ဖြစ်တယ်။ အမေကတော့ အိမ်နားနီးချင်းတွေရဲ့ ဖိနပ်တွေကို ပြင်ပေးပြီး ဝင်ငွေရှာ ပါတယ်။ သူတို့မိသားစုမှာ စားစရာရယ်လို့ ဘာမှမရှိတဲ့ နေ့ရက်များစွာ ရှိခဲ့ပါတယ်။ သူ့အသက် ၁၂နှစ် မှာ သူ့အဖေရဲ့ အိမ်လေးနဲ့လုပ်ငန်းလေးကို သူ့မျက်စိရှေ့မှာတင် ရောင်းချလိုက်ရပါတယ်။ သူအလွန် စိတ်ဓာတ်ကျသွားခဲ့တယ်။ နောက်တော့ သူသံန်နြာိန်ချလိုက်တယ်။ တနေ့မှာ သူအောင်မြင်တဲ့လူတစ်ယောက် ဖြစ်လာရမယ်။ သူ့မိဘတွေကို ဇိမ်ခံပစ်စည်းတွေနဲ့ ကောင်းကောင်းထားနိုင်ရမယ်လို့ သူ့ကိုယ်သူ ကတိပြုလိုက်တယ်။ အဲဒီနောက် သူတို့မိသားစု အမေရိကားသို့ မျှော်လင့်ချက်တွေနဲ့ ပြောင်းရွှေ့ခဲ့ကြတယ်။ ဒါပေမယ့် အမေရိကားမှာလည်း သူ့အဖေဟာ ဆုံးရှုံးမှုတွေနဲ့ပဲ ရင်ဆိုင်ရပြန်ပါတယ်။ သူတို့ရဲ့ ရက်ကန်းလုပ်ငန်းသစ်လေး ပြိုလဲသွားပါတယ်။ သူ့အသက် ၁၃ နှစ်ရောက်တော့ သူကျောင်းမှ ထွက်ခဲ့ရပြီး ဝါစက်ရုံတစ်ခုမှ အလုပ်ဝင်ခဲ့ပါတယ်။ အပူတွေနဲ့ တောက်လောင်နေတဲ့ ဘွိုင်လာခန်းထဲမှာ သူအလုပ်လုပ်ရပါတယ်။ ဒါပေမယ့် သူ့မိသားစုကို ထောက်ပံ့နိုင်တဲ့အတွက် သူပျော်ပါတယ်။ နောက်တော့ သူ ကြေးနန်းစာပို့သမားအဖြစ် လုပ်ကိုင်တယ်။ ပြီးတော့ မီးရထားကုမ္ပဏီတစ်ခုဆီ ပြောင်းရွှေ့ခဲ့တယ်။ သူလုပ်တဲ့ အလုပ်တိုင်းမှာ သူဟာ ကြိုးစားတယ်။ သူတတ်နိုင်သမျှ အကောင်းဆုံး လုပ်ကိုင်ပါတယ်။ နေ့စဉ် နေမထွက်ခင် သူအိပ်ရာကနေ ထပြီး ညဉ်နက်တဲ့အထိ သူအလုပ်လုပ်ပါတယ်။ အောင်မြင်ဖို့အတွက် အများကြီး သင်ယူရမယ်ဆိုတာကိုလည်း သူသိတယ်။ ဒါကြောင့်မို့ သူဟာ ရပ်ကွက်စာကြည့်တိုက်ကနေ စာအုပ်တွေ ငှားပြီး ဖတ်တယ်။ အသိပညာကို ရနိုင်သလောက် သူကြိုးစားပြီး လေ့လာတယ်။ 

ခက်ခဲနေတဲ့အချိန်တွေမှာတောင် သူက အကောင်းဘက်ကနေပဲ တွေးတယ်။ ငါ တနေ့အောင်မြင်ရမယ်လို့ သူ့ကိုယ်သူ ပြောတယ်။ တနေ့မှာတော့ အကြံပေးချက်တခုကို သူရခဲ့တယ်။ အလုပ်မှာ စိတ်ဝင်စားတဲ့ သူ့ကို သူဌေးက စီးပွားရေးအခွင့်အလမ်းတစ်ခုကို အကြံပေးခဲ့တယ်။ အဲဒီအကြံဉာဏ်ဟာ ဒေါ်လာ ၅၀၀ တော့ ရင်းနှီးမြှပ်နှံဖို့လိုတယ်။ လုပ်ငန်းအတွက် သူ စိတ်လှုပ်ရှားခဲ့ပေမယ့် သူ့မှာ ဒေါ်လာ ၅၀ သာရှိတယ်ဆိုတာကို သူသိတယ်။ အဲဒီအချိန်မှာပဲ သူ့အမေက သူ့ကို ထောက်ပံ့ပေးခဲ့ပါတယ်။ သူ့အမေက အိမ်ကလေးကို အပေါင်ထားပြီး သူလိုအပ်တဲ့ ငွေလေးကို ပေးခဲ့တယ်။ သူ့ရဲ့ ပထမဆုံး ရင်းနှီးမြှပ်နှံမှုက အောင်မြင်ခဲ့ပါတယ်။ အဲဒီကနေ သူအကျိုးအမြတ်အများကြီး ရလိုက်တယ်။ သူ့ဘဝအတွက် အောင်မြင်မှုလမ်းကြောင်းကိုလည်း သူတွေ့ရှိခဲ့တယ်။ ရင်းနှီးမြှပ်နှံမှု စီးပွားရေးကို သူစလုပ်ပါတော့တယ်။ ပထမဆုံး ရင်းနှီးမြှပ်နှံမှုကနေ နှစ် ၃၀ ကြာတဲ့အချိန်မှာ ဝါစက်ရုံလုပ်သားလေးဟာ ကမ္ဘာမှာ အချမ်းသာဆုံး လူတယောက်ဖြစ်လာပါတယ်။ ကမ္ဘာမှာ အကြီးဆုံး သံမဏိစက်ရုံကြီးကို သူပိုင်ခဲ့တယ်။ သူ့စက်ရုံက United Kingdom တခုလုံးကနေ ထုတ်တဲ့ သံမဏိတွေထက် များပြားတဲ့ ပမာဏကို ထုတ်လုပ်နိုင်ခဲ့တယ်။ သူအောင်မြင်စမှာပဲ သူ့အမေ ကွယ်လွန်သွားခဲ့တယ်။ သူတော်တော်လေး စိတ်ထိခိုက်သွားတယ်။ 
သူ့အမေကို ဆင်းရဲဒုက္ခတွေကို ထပ်ပြီးမကြုံစေချင်လို့ သူငွေတွေ ကြိုးစားရှာခဲ့ပေမယ့် သူ့အမေကွယ်လွန်သွားတယ်။ သူ့အသက် ၆၅ နှစ်ရောက်တဲ့အခါမှာတော့ သူ့ဘဝရဲ့ လက်ကျန်အချိန်တွေကို တပါးသူတွေအတွက် ကူညီဖြည့်ဆည်းပေးရင်းပဲ နေတော့မယ်လို့ သူဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေထဲက ၉၀% ကို လှူဒါန်းလိုက်တယ်။ စာကြည့်တိုက်ပေါင်း ၂၅၀၀ ကျော်ကိုလည်း ဖွင့်လှစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက အမေရိကားမှာရှိတဲ့ စာကြည့်တိုက်ပေါင်းရဲ့ တဝက်ဟာ သူတည်ဆောက်ခဲ့တာဖြစ်တယ်။ သူဟာ ဆင်းရဲတဲ့ ရက်ကန်းသမားရဲ့ သားတယောက်အဖြစ်မွေးဖွားခဲ့တယ်။ ပညာကို ဆုံးခန်းတိုင်အောင် မသင်ခဲ့ရဘူး။ သူ့မှာ ငွေဆိုတာ မရှိခဲ့ဘူး။ တီထွင်နိုင်ခဲ့တာလည်း မရှိပါဘူး။ သို့ပေမယ့် ဒေါ်လာဘီလျံ ၃၀၀ ကျော်တန်တဲ့ စီးပွားရေးလုပ်ငန်းစုကြီးကို တည်ထောင်နိုင်ခဲ့တယ်။ သူ့နာမည်က *အန်ဒရူး ကာနက်ဂျီ*ပါ။ ကာနက်ဂျီ စတီးလ် ကုမ်ပဏီကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ USS (U.S Steel) ကုမ္ပဏီအဖြစ် သိကြပါတယ်။ 
                  *သင်လည်း သင့်ဘဝမှာ အောင်မြင်ချင်ရင် အခက်အခဲတွေ တွေ့နေရင်တောင် ရည်မှန်းချက်ကို လက်မလျှော့ပါနဲ့။
          *ဘာကိုပဲ လုပ်လုပ် ကိုယ်တတ်နိုင်သမျှ အားထုတ်လုပ်ကိုင်ပါ။ အသေးအဖွဲလေးပဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်သမျှ ကြိုးစားလုပ်ပါ။
                   *နေ့ရက်တရက်စီတိုင်းမှာ သင်ယူခြင်းနဲ့ ကြီးပြင်းမှုကို ဘယ်တော့မှ မရပ်တန့်ပါနဲ့။
                 *နောက်ဆုံးတချက်က သင် အောင်မြင်လာတဲ့အခါ အခြားလူတွေကို မျှဝေဖို့နဲ့ လိုအပ်နေသူတွေဆီ ပျော်ရွှင်မှုတွေ သယ်ဆောင်သွားပေးဖို့ မမေ့ပါနဲ့။
သင်အောင်မြင်ပါစေ

သူရိန်
27.7.2019

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.