Type Here to Get Search Results !

အိပ်မက်တွေ တကယ်ဖြစ်လာတဲ့အခါ

အိပ်မက်တွေ တကယ်ဖြစ်လာတဲ့အခါ 

သူ့ကို ဂျပန်နိုင်ငံက ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ သူ့မိသားစုက အလွန်ဆင်းရဲပြီး မဖြစ်စလောက်ငွေလေးနဲ့ အိမ်ငယ်လေးထဲမှာ စုပြုံနေကြရတယ်။ သူ့ အသက် ၉ နှစ်ရောက်တော့ သူကျောင်းက ထွက်ခဲ့ရတယ်။ သူ့မိသားစုကို ထောက်ပံ့ဖို့အတွက် စျေးဆိုင်လေးတစ်ခုမှာ သူအလုပ်၀င်လုပ်ခဲ့တယ်။ နေ့စဉ်နေ့တိုင်း သူဟာ နေမထွက်ခင်မှာ အိပ်ရာက စောစီးစွာ ထရပြီး ဆိုင်ကို သန့်ရှင်းလုပ် ပြေးပြေးလွှားလွှားတောက်တိုမယ်ရတွေ လုပ်ရပြီးနောက် သူ့ဆိုင်ရှင်ရဲ့ ကလေးတွေကို ထိန်းပေးရပါတယ်။ နှစ်အနည်းငယ် ကြားပြီးနောက် ကံတရားက သူ့အတွက် ပြောင်းလဲလာတယ်။ သူ လျှပ်စစ်ကုမဏီတစ်ခုမှာ အလုပ်ရခဲ့တယ်။ အဲဒီမှာပဲ လျှပ်စစ်မီးသီးတွေနဲ့ မီးခေါင်းတွေကို သူစိတ်၀င်စားခဲ့တယ်။ 
ညတိုင်းပဲ သူဟာ ကိုယ်ပိုင် လေ့လာမှုနဲ့ စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ တနေ့မှာတော့ လျှပ်စစ်မီးသီးခေါင်း ပုံစံသစ်တစ်မျိုးကို လုပ်နိုင်ခဲ့တယ်။ သူဟာ အလွန်စိတ်လှုပ်ရှားစွာနဲ့ပဲ သူ့ရဲ့ တီထွင်မှုကို သူ့ရဲ့သူဌေးကို သွားပြခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ သူဌေးက စိတ်၀င်စားမှု မရှိခဲ့ပါဘူး။ သူ့ရဲ့ တီထွင်မှုက အလုပ်ဖြစ်မှာမဟုတ်ပါဘူးလို့လည်း မှတ်ချက်ပေးခဲ့ပါသေးတယ်။ သူ ငြင်းပယ်ခံခဲ့ရပေမယ့် သူ့ရဲ့ စိတ်ကူးကို သူယုံကြည်နေခဲ့ပါတယ်။ သူတစ်ခုခု လုပ်ချင်နေခဲ့တယ် နောက်တော့ သူ့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို စတင်ခဲ့ပါတယ်။ သူ့ရဲ့ မိတ်ဆွေတွေကို ကမ်းလှမ်းတဲ့ အခါမှာကျတော့ မင်းလုပ်နိုင်မှာ မဟုတ်ပါဘူးလို့ ပြောကြပြန်ပါတယ်။ သူ့ရဲ့ အမြဲတမ်းအလုပ်ကနေ မထွက်နိုင်ပဲနဲ့ သူ့ရဲ့ ကုမ္ပဏီကို စတင်ခဲ့တယ်။ သူ့မှာ အတွေ့အကြုံဆိုတာမရှိဘူး၊ ငွေကလည်း နည်းနည်းလေးသာ ရှိသလို ပညာရေးဆိုတာလည်း မဖြစ်စလောက်ပဲ။ ဒါပေမယ့် သူ့ရဲ့ ယုံကြည်ချက်ကတော့ လျော့မသွားပါဘူး။ 

သူ့အသက် ၂၂ နှစ်မှာတော့ ဆုံးဖြတ်ချက်ကြီးတစ်ခုကို သူချခဲ့တယ်။ သူ့ရဲ့ တည်ငြိမ်တဲ့ လက်ရှိအလုပ်ကနေ သူထွက်လိုက်ပြီး သူ့ရဲ့ ကုန်ထုတ်လုပ်ငန်းလေးထဲမှာပဲ သူ့ကိုယ်သူ နှစ်မြှုပ်လိုက်တော့တယ်။ သူနဲ့သူ့ဇနီးဟာ သူတို့ရဲ့ အိမ်လေးထဲမှာပဲ လျှပ်စစ်မီးခေါင်းတွေ ထုတ်လုပ်မှုကို စတင်ခဲ့ပါတယ်။ အဲဒီနောက် တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ သူတို့ရဲ့ ထုတ်ကုန်ကို ရောင်းချနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်ဆိုင်ကမှ  သူတို့ရဲ့ ကုန်ပစ္စည်းကို စိတ်မ၀င်စားခဲ့သလို အမှာစာတွေ ပေးပို့ခြင်းလည်း မရှိခဲ့ပါဘူး။ တစ်လပြီးတစ်လ ကုန်လွန်သွားပေမယ့် အခြေအနေဟာ ပြောင်းလဲခြင်း မရှိပါဘူး။ သူတို့ရဲ့ လျှပ်စစ်မီးခေါင်းတွေကို ဘယ်သူကမှ မ၀ယ်ကြပါဘူး။ သူဟာ ရှေ့ဆက်ဖို့အတွက် အိမ်ထောင်ပရိဘောဂတွေကို ရောင်းချပြီး ငွေတချို့လည်း ချေးယူခဲ့ပါတယ်။ ရက်တွေကြာလာတော့ ငါလက်လျှော့ပြီး အရင်အလုပ်ပဲ ပြန်လုပ်တော့မယ်လို့ သူတွေးလာပါတယ်။ ဒါပေမယ့် မနက်ခင်းရောက်လို့ နေထွက်ပြီဆိုတာနဲ့ သူဟာ တစ်လမ်း၀င် တစ်လမ်းထွက်နဲ့ သူ့ လျှပ်စစ်မီးခေါင်းတွေကို ရောင်းရဖို့ ကြိုးစားပြန်တာပဲ။ 
ဒီလိုနဲ့ပဲ သူ့လုပ်ငန်းဟာ ဒေဝါလီခံရလုနီးပါး အခြေအနေကို ရောက်ခဲ့ပါတယ်။ အနေအထားက သူ့ရဲ့လုပ်ငန်းကို ပိတ်ပစ်လိုက်ဖို့သာရှိတော့တဲ့ အနေအထားပါ။ အဲဒီအချိန်မှာပဲ သူ့ဘဝမှာ ဆန်းကြယ်မှုတွေ ဖြစ်လာတယ်။ လျှပ်စစ်မီးခေါင်း အခု ၁၀၀၀ အမှာစာကို သူ ပထမဆုံး လက်ခံရရှိပါတယ်။ အဲဒီနောက်ပိုင်းတော့ သူ့လုပ်ငန်းဟာ အရှိန်အဟုန်နဲ့ လည်ပတ်နိုင်သွားပါပြီ။ ဒီနေ့အချိန်မှာ သူ့လုပ်ငန်းမှာ အလုပ်သမားပေါင်း ၂၅၀,၀၀၀ ကျော်ရှိပြီး ပုံမှန် ရောင်းချရမှုဟာ ဒေါ်လာ ၆၅ ဘီလီယံကျော် ရှိပါတယ်။ သူ့ကုမ္ပဏီရဲ့ ထုတ်ကုန်များကို ကမ္ဘာ့နေရာ အနှံ့အပြားကို ဖြန့်ချီနေပါပြီ။ ဒါတွေအားလုံးဟာ ပညာအခြေခံ မဖြစ်စလောက်နဲ့ ငွေမရှိတဲ့ လူတစ်ယောက်လုပ်ဆောင်ခဲ့တာတွေပဲ ဖြစ်ပါတယ်။ သူဟာ သူ့ကိုယ်သူ ယုံကြည်ခဲ့တယ်။ သူ့ရဲ့ အမည်က “ကိုနိုဆုကီ မတ်ဆုရှီတာ” ပဲဖြစ်ပါတယ်။
 သူ့ရဲ့ အိမ်ငယ်လေးထဲကနေ စတင်ခဲ့တဲ့ သူ့ရဲ့ ကုမ္ပဏီဟာ ယနေ့ ကမ္ဘာကျော်တဲ့  “Panasonic” ဖြစ်နေပါပြီ။ အောင်မြင်မှုဆိုတာ သင် ကျောင်းဘယ်လောက် တက်ခဲ့ရတဲ့ဆိုတာနဲ့ သင့်မှာ ငွေဘယ်လောက်ရှိတယ် ဆိုတာပေါ်မှာ မမူတည်ပါဘူး။ အောင်မြင်မှုဆိုတာ သင့်ကိုယ်သင် ယုံကြည်ခြင်း၊ သင့် ရည်မှန်းချက်တွေကို ယုံကြည်ခြင်းပါ။ ဒါကြောင့် သင် အောင်မြင်မှုကို အမှန်တကယ်လိုချင်တယ်ဆိုရင် သင့်ကိုယ်သင်ယုံပါ၊ ဘယ်သူကမှ မယုံလည်း သင့်ကိုယ်သင် ယုံကြည်ပါ။ အခြားလူများ လက်လျှော့သွားလည်း တောင့်ခံထားပါ။ ပြီးတော့ ပြောင်းလဲမှုတွေ ဖြစ်လာမယ့်အချိန် အိပ်မက်တွေ တကယ်ဖြစ်လာမယ့်အချိန်ထိ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ပါ။

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.