Desmond Thomas Doss

ခုခံအင်အားများပြားလှတဲ့ ဂျပန်တွေကြောင့် တပ်လန်ပြီး တောင်ကုန်းပေါ်ကနေ ပြန်ဆုတ်ခွာရတဲ့အချိန်မှာ ကုန်းပေါ် ပစ်ကွင်းထဲမှာ လှုပ်ရှားနိုင်သူဆိုလို့ ဒေါ့မွန်နဲ့ ဒဏ်ရာရ စစ်သည်တွေသာ ကျန်ရစ်ခဲ့ပါတယ်။ တိုက်ပွဲကုန်းပေါ်မှာ ဒေါ့မွန်ကျန်ခဲ့မှန်း သူ့တပ်ရင်းကလည်း မသိပါဘူး။ နောက်တော့ ဒေါ့မွန်က ဒဏ်ရာရစစ်သည်တွေကို တွဲခေါ်ပြီး ကြိုးနဲ့ဆိုင်းကာ တောင်ကုန်းအောက်ကို ချပေးပါတယ်။ ညအမှောင်ထဲမှာ ဒဏ်ရာရ စစ်သည်တွေ ကြိုးဆိုင်းနဲ့ တယောက်ပြီးတယောက် ကျလာတော့ ဘယ်ကရောက်လာမှန်း ဘယ်သူက ကယ်ဆယ်ပြီး အောက်ချပေးနေမှန်း သူ့တပ်ရင်းက မသိပါဘူး။ တောင်ကုန်းပေါ်က အရူးတကောင်က လိုက်ကယ်ပြီး အောက်ချပေးနေတယ်လို့သာ တွေးခဲ့ကြတယ်။ သူတယောက်တည်းနဲ့ တညအတွင်းမှာ ဒဏ်ရာရသူတွေကို သူကယ်တင်တာ ၇၅ ယောက်ကျော်ပါတယ်။
သူကယ်ခဲ့တဲ့အထဲမှာ ဂျပန်စစ်သားတွေလည်း ပါပါတယ်။ သူဟာ လဲကျနေတဲ့ စစ်သည်တွေ အလောင်းတွေကြားမှာ အသက်ရှင်ကျန်နေသူ ရှိမရှိ လိုက်ကြည့်ပြီး အသက်ရှင်နေတဲ့လူဆို တွဲခေါ်ပြီး တောင်ကုန်းအောက်ကို ကြိုးနဲ့ဆိုင်းချပေးတဲ့ အလုပ်ကို တညလုံးလုပ်ပါတယ်။ တယောက်ကို ကယ်ပြီးတိုင်း နောက်တယောက်ကို ကယ်ဆယ်ခွင့်ပြုဖို့ ဘုရားသခင်ဆီမှာ သူဆုတောင်းတယ်။ ဆုတောင်းပြီးရင် သူဆက်ကယ်ပါတယ်။
သူ့ကို အစတုန်းက သေနတ်မကိုင်ချင်တဲ့ ငကြောင်၊ သတ်တိမရှိတဲ့ သူအဖြစ် ဝိုင်းဝန်းရှုံ့ချ ပစ်ပယ် လှောင်ပြောင်ခဲ့ကြတယ်။ သူကယ်ခဲ့တဲ့ စစ်သည်တွေမှာ သူ့ကို ငကြောင်အဖြစ် လှောင်ပြောင်ခဲ့တဲ့သူတွေလည်း ပါဝင်ပါတယ်။
သူ့ရဲ့ စိတ်ဓာတ်နဲ့ တိုက်ပွဲတွေကြားမှာ စွန့်စားပြီး အသက်ကယ်ရဲတဲ့ သတ်တိကို သိမြင်ပြီးနောက်ပိုင်းမှာ ဘယ်သူမှ သူ့ကို မလှောင်တော့ပါဘူး။ ဒေါ့မွန်မပါရင် တိုက်ပွဲကို မသွားနိုင်ဘူးလို့ ပြောရတဲ့အထိ သူ့ကို လေးစားသွားကြတယ်။
ဒေါ့မွန်ကတော့ ဘယ်တိုက်ပွဲပဲဖြစ်ဖြစ် သေနတ်မယူပဲ သမ္မာကျမ်းစာကိုပဲ ယူပါတယ်။ ဆုတောင်းခြင်း အသက်ကယ်ခြင်းကိုပဲ သူလုပ်ခဲ့ပါတယ်။ နောက်ထပ်တယောက်ကို ကယ်ဆယ်ခွင့်ပြုဖို့ သူအမြဲဆုတောင်းခဲ့တယ်။ သူ့ရဲ့ စွမ်းရည်နဲ့ သတိ်တအတွက် ဆုတံဆိပ်တွေ ချီးမြင့်ခံရတယ်။ သေနတ်မကိုင်သော စစ်သားအဖြစ် သူ သမိုင်းဝင်တယ်။ ၂၀၀၆ ခုနှစ် မတ်လမှာ သူကွယ်လွန်ပါတယ်။
18.8.2019