Type Here to Get Search Results !

ရပ်တည်မှုကို တန်ဖိုးထားပါ

လူတစ်ယောက်ဟာ လုပ်ငန်းခွင်ထဲမှာ ဒါမှမဟုတ် အလုပ်တစ်ခုမှာ လုပ်နေရတဲ့အခါ အဲဒီအလုပ်ဟာ သူကိုယ်တိုင် လုပ်ချင်တဲ့အလုပ် ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် သူ မလုပ်ချင်တဲ့အလုပ် ဖြစ်ချင်လည်းဖြစ်မယ်။ အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ကိုယ်တိုင်ကြောင့်ပဲဖြစ်ဖြစ် အလုပ်တစ်ခုထဲတော့ ရောက်နေပြီ။ အလုပ်လုပ်နေရပြီ။ အဲဒီအခါ အလုပ်ရပြီပဲ လုပ်ငန်းခွင်ထဲ ရောက်နေပြီ ဒီတိုင်းပဲ အလုပ်တက်အလုပ်ဆင်းနဲ့ နေသွားရင်ရပြီဆိုတာနဲ့ မပြီးပါဘူး။ ဒါမှမဟုတ် အလုပ်က ကိုယ်ဝါသနာမပါတဲ့အလုပ် စိတ်မပါတဲ့အလုပ်ကြီးဆိုပါတော့။ ထွက်ဖို့ကျတော့လည်း ကိုယ့်စိတ်က ပြတ်ပြတ်သားသားမရှိဘူး။ ထွက်ရလောက်တဲ့ အခြေအနေလည်း မရှိဘူးဆိုရင် ဘာလုပ်မလဲ။ ဒီအလုပ်ကို ဝါသနာမပါဘူး စိတ်မဝင်စားဘူးဆိုပြီး ဒီတိုင်းပဲ ရေလိုက်ငါးလိုက်ပဲ သွားနေမလား။ အဲဒီလို မလုပ်စေချင်ပါ။ ကိုယ့်ရဲ့ရပ်တည်မှုကို တန်ဖိုးထားပေးပါ။ လောလောဆယ်မှာ ထိုအလုပ်သည် ကိုယ့်ရဲ့ရပ်တည်မှု ဖြစ်ပါတယ်။ ကိုယ့်ရဲ့နေရာဖြစ်ပါတယ်။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လတ်တလောမှာ အဲဒီအလုပ်ကို ကိုယ်လုပ်နေရတယ်။ ကိုယ်ရောက်နေတဲ့နေရာမှာ အကောင်းဆုံးရှင်သန်ဖို့လိုပါတယ်။ အလုပ်တစ်ခုသည် အာမခံချက်မဟုတ်ပါ။ လူတစ်ယောက်သည် အလုပ်တစ်ခုမှာပဲ အမြဲလုပ်နေရမယ်ဆိုတဲ့ အာမခံချက် သတ်မှတ်ချက်လည်း မရှိပါဘူး။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့ အလုပ်၊ ကိုယ်ရောက်နေတဲ့ နေရာမှာတော့ အကောင်းဆုံးလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒီအလုပ်က ကိုယ်ဝါသနာပါတဲ့ အလုပ်ဖြစ်ချင်မှ ဖြစ်မယ်။ ကိုယ်ကျောင်းမှာ သင်ခဲ့ရတဲ့ ဘာသာရပ်တွေနဲ့ ဆက်စပ်မှု မရှိတဲ့ အလုပ်ဖြစ်ချင်လည်း ဖြစ်နေမယ်။ အဲဒီအခါမှာ 
မလုပ်ဘူး ကိုယ်ဝါသနာပါတဲ့အလုပ် စိတ်ပါတဲ့အလုပ်လည်း မဟုတ်ဘူးဆိုပြီး မတွေးပါနဲ့။ အဲဒီလိုတွေးပြီး ဘာမှ ကြိုးစားမလုပ်ဘဲ ရေလိုက်ငါးလိုက်ပဲ နေမယ်ဆိုလျင် လုပ်ငန်းကို ထိခိုက်တာထက် ကိုယ့်ကိုယ်ကိုယ် ထိခိုက်တာပါ။ ကိုယ်က စိတ်မပါလက်မပါနဲ့ ဘာမှကြိုးစားမလုပ်တဲ့အခါ ကိုယ့်ရဲ့ စွမ်းဆောင်ချက်တွေဆိုတော့ မထွက်လာတော့ဘူး။ အပေါ်မှာ ပြောခဲ့ပါတယ်။ လူတစ်ယောက်ဟာ အလုပ်တစ်ခု နေရာတစ်ခုမှာ အမြဲရှိမနေပါ။ အဲဒီနေရာမှာ ကိုယ်မရှိတော့တဲ့အခါ ကျန်ခဲ့တဲ့အရာဟာ ကိုယ့်ရဲ့နာမည်နဲ့ စွမ်းဆောင်ချက်တွေက ကျန်ခဲ့တယ်။ ကိုယ်က ဘာမှလည်း ဟုတ်တိပတ်တိမလုပ်ခဲ့ဘူး။ ဘာမှလည်း မစွမ်းဆောင်ခဲ့ဘူးဆိုရင် အဲဒီနယ်ပယ်မှာ ကိုယ်မရှိတော့တဲ့အခါ ဘာမှလည်း ဟုတ်တိပတ်တိမလုပ်သွားဘူး၊ အသုံးမကျဘူးဆိုတဲ့ နာမည်ကျန်ခဲ့မယ်။ ကိုယ့်နေရာကို ဝင်ယူရတဲ့ နောက်လူကလည်း ဘာတွေလုပ်သွားမှန်းလည်း မသိဘူးဆိုပြီး ကိုယ့်ကို အပြစ်တွေ တင်နေမှာပဲ။ ဒါကြောင့်မို့ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိုယ်ရောက်နေတဲ့ နေရာမှာတော့ ကြိုးစားပြီးတော့ အကောင်းဆုံးလုပ်ဆောင်စေချင်တယ်။ သင့်မှာ ဒီအလုပ်ကနေ နောက်အလုပ်ကို ပြောင်းချင်တဲ့ စိတ်ကူးတွေ ရှိချင်ရှိလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့စီမံကိန်းတွေလည်း ရှိချင်ရှိမယ်။ ပြောင်းနိုင်တယ်။ ကိုယ့်ဖြစ်ချင်တဲ့ စိတ်ကူးတွေကို အကောင်အထည် ဖော်နိုင်တယ်။ ဒါပေမယ့် ကိုယ့်ရဲ့လက်ရှိ ရပ်တည်ချက်ကိုတော့ မမေ့နဲ့။ နေရာတစ်ခု နယ်ပယ်တစ်ခုမှာ ကိုယ်မရှိတော့တဲ့အခါ ကိုယ့်အစား ကျန်ခဲ့မယ့် နာမည်ကိုလည်း မမေ့ပါနဲ့။ လေ့လာမှု သင်ယူမှုတွေမှာလည်း ဒီတိုင်းပါပဲ။ သင်တန်းတော့တက်လိုက်တာပဲ ဘာရယ်တော့မဟုတ်ပါဘူး။ လေ့လာလိုက်တာပဲ သင်လိုက်တာပဲ၊ ဘာမှမဟုတ်ဘူး တက်ဆိုလို့ တက်လိုက်တာ သင်ဆိုလို့ သင်လိုက်တာလို့ မလုပ်ပါနဲ့။ မတက်ချင် မသင်ချင်ရင် လုံးဝ မတက်နဲ့။ ကိုယ်ကမှ အဲဒီထဲ စိတ်မရှိဘူးဆိုရင် အချိန်ကုန်ခံပြီး မလုပ်ပါနဲ့။ မဖြစ်မနေလုပ်ရပြီ လေ့လာရပြီဆိုရင်တော့ ကိုယ့်အတွက် တစ်ခုခုကျန်အောင် လုပ်ပါ၊ ဒါကိုတော့ စိတ်မပါဘူး။ နောက်မှပဲ သေသေချာချာ လုပ်တော့မယ်လို့လည်း မတွေးပါနဲ့။ အစကသာ မကောင်းခဲ့ရင် သေချာမလုပ်ခဲ့ရင် နောက်ဆိုတာ မကောင်းနိုင်ပါဘူး။ ကိုယ့်ရဲ့ ရပ်တည်ချက်ကို တန်ဖိုးထားပါ။ ကိုယ်က အကောင်းဆုံးဖြစ်ချင်တဲ့အခါ အကောင်းဆုံးလုပ်ပါ။ အကောင်းဆုံး ရပ်တည်ပါ။  ကိုယ်ရောက်နေတဲ့ နေရာမှာ ကိုယ့်နာမည်ကို သေချာလေးရေးပါ။

Do it with passion or not at all.


ဘယ်အရာကိုပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင် ထက်ထက်သန်သန်လုပ်ပါ။ မလုပ်ဘူးဆိုရင် လုံးဝမလုပ်ပါနဲ့။

သူရိန်
24.7.2019

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.