Type Here to Get Search Results !

မြန်မာတွေ ဘယ်လမ်းလျှောက်မှာလဲ



အရှေ့တောင်အာရှဒေသမှာ မြန်မာနိုင်ငံဟာ အကြီးဆုံးပဲ။ ပင်လယ်ထွက်ပေါက်ရှိတယ်။ ကမ်းရိုးတန်းဒေသကို ပိုင်ဆိုင်ထားတယ်။ မြောက်ပိုင်းမှာ ရေခဲတောင်ရှိတယ်။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများပြားတဲ့ နိုင်ငံလည်း ဖြစ်တယ်။ အနောက်နဲ့ အနောက်မြောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ ရှိနေတယ်။ အရှေ့မြောက်ဘက်မှာ တရုတ်နိုင်ငံ ရှိတယ်။ အရှေ့နဲ့ အရှေ့တောင်ဘက်မှာ လာအိုနဲ့ ထိုင်း ရှိတယ်။ မြန်မာနိုင်ငံဟာ လူဦးရေ သန်းတထောင်ကျော်ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကြားမှာ ရှိတယ်။ မြန်မာရဲ့ အနောက်မြောက်ဘက်မှာ ရှိတဲ့ အိန္ဒိယဟာ လူဦးရေ ၁၃၅၂ သန်းကျော်ရှိတယ်။ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ တရုတ်က လူဦးရေ ၁၄၂၇ သန်းကျော်ရှိတယ်။ မြန်မာနိင်ငံရဲ့ လူဦးရေနဲ့ အဆိုပါ အိမ်နီးချင်းတွေရဲ့ လူဦးရေဟာ ၂၅ ဆလောက် ကွာပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်မှာ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေဟာ ၁၆၁ သန်း ကျော်မှာ ရှိနေပါတယ်။ ကမ္ဘာ့နိုင်ငံ နယ်နမိတ်အကျယ်အဝန်းတွေအရ မြန်မာနိုင်ငံဟာ အဆင့် ၃၉ ဖြစ်တယ်။ လူဦးရေမှာ မြန်မာ အဆင့် ၂၅ မှာ ရှိတယ်။ လူဦးရေပေါက်ကွဲထွက်နေတဲ့ အိမ်နီးချင်းတွေ ဖြစ်တဲ့ တရုတ်က လူဦးရေအများဆုံး ၁ နေရာမှာ ရှိနေပြီး အိန္ဒိယက ၂ နေရာမှာ ရှိနေတယ်။ မြန်မာနိုင်ငံ အကျယ်အဝန်းထက် ၄ ဆလောက်ငယ်တဲ့ ဘင်္ဂလားဒေ့ရှ်က လူဦးရေတိုင်းတာမှုမှာ အဆင့် ၈ နေရာမှာ ရှိနေတယ်။
နိုင်ငံအကျယ်အဝန်း အဆင့် ၅၀ ရှိတဲ့ ထိုင်းနိုင်ငံဟာ လူဦးရေမှာ အဆင့် ၂၀ ဖြစ်တယ်။ ထိုင်းဟာ မြန်မာထက် ၁၈ သန်းနီးပါး လူဦးရေ ပိုများတယ်။ မြန်မာမှာ အိမ်နီးချင်းကောင်း မရှိဘူး။ ဖြစ်သမျှ စစ်ပွဲတွေရဲ့ နောက်ခံများစွာမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ပံ့မှုတွေ ရှိတယ်။ သယံဇာတရှိပြီး ပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ မြန်မာဟာ ဘေးအိမ်နီးချင်းတွေရဲ့ မျက်စိကျစရာ အနေအထားမှာ ဖြစ်နေတယ်။ အနောက်တောင်ဘက်ခြမ်း ရေလမ်းကြောင်းမှာ မြန်မာ့ကမ်းရိုးတန်းတွေ ရှိနေတယ်။ မြန်မာနိုင်ငံဟာ သယံဇာတထွက်ရှိတဲ့ နိုင်ငံလည်း ဖြစ်တယ်။ ထို သယံဇာတတွေကြောင့်ပဲ သယံဇာတထောင်ချောက်မိ နေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ သယံဇာတကြောင့် ပိုင်နက်ပြဿနာများ စစ်ပွဲများဖြစ်နေရသလို လက်နက်ကိုင်တိုက်ခိုက်မှုများရဲ့ အကြောင်းအရင်းတခုဟာလည်း သယံဇာတကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးတမျိုးတည်းရှိတဲ့ နိုင်ငံမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုးရှိတယ်။ ထို့ပြင် လက်နက်တပ်ဖွဲ့ပေါင်းလည်း ရာကျော်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရေးပါတီပေါင်းလည်း ရာကျော်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ အစောပိုင်းကာလတွောဟာ ပျူမြို့ပြနိုင်ငံတွေနဲ့ မွန်ဘုရင့်နိုင်ငံတွေ အဖြစ် ရှိခဲ့တယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ သက်တမ်းဟာ ၁၁၇၁ နှစ်ကျော်ရှိပြီဖြစ်တယ်။ ပုဂံအင်ပါယာ၊ တောင်ငူအင်ပါယာမှစ၍ မြန်မာနိုင်ငံရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၂၀၀ နီးပါး ရှိပါတော့မယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားချက်တွေက အနောက်ဘက်နဲ့ အနောက်တောင်ဘက်တွေမှာ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားတယ်။ မြောင်ပိုင်းမှာ ရေခဲတောင်ရှိနေတယ်။ အရှေ့ဘက်မှာ တောင်တန်းတွေရှိပြီး အရှေ့တောင်ဘက်မှာက ၃ နိုင်ငံဆုံတဲ့ နေရာတွေ ရှိနေတယ်။ မြန်မာပြည်ရဲ့ သွေးကြောလို့ တင်စားတဲ့ ဧရာဝတီမြစ်ဟာ မြောက်ပိုင်းက စစီးဆင်းတယ်။ ဧရာဝတီမြစ်အဖြစ်ပေါင်းစည်းမယ့် မေခမြစ်နဲ့ မလိခမြစ်က မြောက်ဖျားကနေ စီးဆင်းတယ်။ တရုတ်ပြည်မှ နူကျန်းမြစ် အဖြစ်စီးဆင်းလာတဲ့ သံလွင်မြစ်ဟာ မြန်မာနိုင်ငံကို ဖြတ်ပြီး မြန်မာ-ထိုင်းနယ်စပ်တလျှောက်စီး၍ ပင်လယ်ထဲကို စီးတယ်။
အကယ်၍ မြန်မာတွေ ညီညွတ်ကျမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တည်နေရာ အနေအထားဟာ ကောင်းမွန်တဲ့ အနေအထားဖြစ်ပါတယ်။ မြန်မာသာ ထုတ်ကုန်ကောင်းကောင်းလုပ်နိုင်ရင် လူဦးရေ သန်းထောင်ချီနေတဲ့ နိုင်ငံတွေ ကြားမှာ ရှိတဲ့အတွက် အခွင့်အလမ်းပိုများမယ်။ ခရီးသွားဝန်ဆောင်မှုကို ကောင်းကောင်းလုပ်နိုင်ရင် ကမ်းရိုးတန်းဒေသ၊ တောင်တန်းဒေသ၊ ပုဂံအင်ပါယာ၊ တောင်ငူအင်ပါယာ၊ စတဲ့ အလှအပတွေနဲ့ သမိုင်းကြောင်းမှတဆင့် မြန်မာတွေ ဝင်ငွေရမယ်။ ပင်လယ်ထွက်ပေါက်ရှိလို့ ကုန်သွယ်ရေး ကောင်းကောင်းလုပ်နိုင်မယ်။ နိုင်ငံအကျယ် အဝန်း အဆင့် ၃၉ နဲ့ လူဦးရေ အဆင့် ၂၅ ရှိတဲ့ မြန်မာနိုင်ငံဟာ လူဦးရေနဲ့ အကျယ်အဝန်း ကျပ်တည်းနေတဲ့ နိုင်ငံမဟုတ်ဘူး။
အကယ်၍ မြန်မာတွေ မညီညွတ်ကြဘူးဆိုရင်
လူဦးရေပေါက်ကွဲထွက်နေပြီဖြစ်တဲ့ ဘေးနိုင်ငံကလူတွေ မြန်မာထဲရောက်လာမယ်။ သယံဇာတတွေ လုကြရင်းနဲ့ ကုန်ခမ်းသွားမယ်။ နယ်စပ်ဒေသတွေနဲ့ ကမ်းရိုးတန်းတွေ ဘယ်ဘက်ကမှ မြန်မာနိုင်ငံအတွက် လုံခြုံမှုရှိမှာမဟုတ်ဘူး။ ဒေသတွင်းမှာ တိုးတက်မှု မရှိဘဲ နောက်က ကျန်ခဲ့မယ်။ ခရီးသွားတွေလာပြီး ယဉ်ကျေးမှုနဲ့ သမိုင်းမှတ်တိုင်တွေ ဖျက်ဆီးခံရမယ်။ လက်ရှိ မန္တလေးနဲ့ ပုဂံဟာ တရုတ်ခရီးသွားတွေရဲ့ ဒဏ်ကို ခံနေရပါပြီ။ စီးပွားရေးအရ ပိုင်နက်တွေ ဆုံးရှုံးရမယ်။ မြို့ကြီးတွေရဲ့ အချက်အချက်နေရာတွေကို မြန်မာတွေ လက်လွှတ်ရလိမ့်မယ်။ မညီညွတ်ခြင်းနဲ့အတူ စစ်ပွဲတွေရှည်ကြာမယ်။ စစ်ပွဲတွေနဲ့အတူ ဘေးဒုက္ခတွေ တွဲပါမယ်။ သယံဇာတလုခြင်းများကြောင့် မြန်မာ့သစ်တောဟာ နည်းပါးလာပါပြီ။ သစ်တောတွေ နည်းပါးလာခြင်းနှင့်အတူ ရာသီဥတုတွေ ပြောင်းလာပါတယ်။ ပုံမှန်ထက်ကို ရေတွေ ပိုကြီးလာတယ်။ မုန်တိုင်းတွေ ပြင်းထန်လာတယ်။ နွေအခါမှာ ရေပိုရှားလာတယ်။ မိုးတွင်းမှာ ရေကြီးခြင်းကြောင့် ရေဘေးကယ်ဆယ်ရေး၊ သဘာဝဘေး ကယ်ရေးတွေ လုပ်ရမယ်။ မိုးကာလပြီးတဲ့အခါ စစ်ပွဲများကြောင့် စစ်ဘေးနဲ့ စစ်ဘေးရှောင်အတွက် လုပ်ရမှာဖြစ်လို့ နလန်ထူဖို့ မလွယ်ကူနိုင်ချေ မရှိဘူး။ အိမ်တအိမ်မှာ စီးပွားရေးလုပ်တယ်ဆိုတာ ကိုယ့်အိမ်သားချင်း ဈေးရောင်းလို့ မရဘူး။ ကိုယ့်အိမ်သားချင်း ဈေးရောင်းနေလို့ကတော့ စီးပွားရေးလလည်း မတက်သလို ဝင်ငွေလည်း မတိုးဘူး။ ဒုံရင်းက ဒုံရင်းပဲ နောက်ဆုံးအသုံးစရိတ်တွေနဲ့ ဒုံရင်းပါ ကုန်သွားမယ်။ မြန်မာလည်း မညီညွတ်ဘဲ ကိုယ့်အချင်းချင်းရန်ဖြစ်လိုက် အချင်းချင်းဈေးရောင်းလိုက်ပဲ လုပ်နေရင် ရှိတာပဲ ကုန်သွားမှာပဲ။

သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.