Type Here to Get Search Results !

ပညာ

နှစ်သစ်ကူးအမှတ်တရ
ပညာ

ပညာလို့ဆိုတဲ့အခါ တချို့တွေက ဆယ်တန်းအောင်ပြီးမှ၊ တက္ကသိုလ်တက်မှ၊ ဘွဲ့ရမှ၊ နာမည်ကြီး သင်တန်းကြီးတက်ထားမှ၊ Certificate တွေ ဘွဲ့လက်မှတ်တွေ တထပ်ကြီး ကိုင်ထားမှ ပညာတတ်တယ်လို့ ထင်ကြတယ်။ အဲဒီလိုမျိုးမှ ပညာတတ်တယ်လို့ သတ်မှတ်ခံရမယ်၊ Certificate တွေ ဘွဲ့လက်မှတ်တွေ တထပ်ကြီး ရှိမှပဲ ပညာတတ်ဖြစ်တော့မယ်လို့ ယူဆကြတယ်။ အဲဒါတွေ မရှိတဲ့သူက အားငယ်တယ်၊ ရှိတဲ့သူက မာန်တက်တယ်။ အားငယ်တတ်သူက ငါဆယ်တန်းမအောင်ဘူး ငါဘွဲ့မရဘူး ငါ့မှမဟာဘွဲ့မရှိဘူး စသဖြင့် ကိုယ့်မှာ မရှိတာတွေအတွက် အားငယ်တာ၊ မာန်တက်တဲ့သူက ငါဘွဲ့ဘယ်နှစ်ရရထားတာ၊ ငါက Level ဘယ်လောက် အောင်ထားတာ၊ မဟာဘွဲ့ရပြီးသား စသဖြင့် ကိုယ့်ကိုယ်ကို မာန်တက်တာ၊
ကျောင်းတွေ တက္ကသိုလ်တွေ သင်တန်းတွေက သင်ပေးလိုက်တာဟာ သညာ လို့ခေါ်တဲ့ အမှတ်အသား၊ အမှတ်အမည်တွေကို သင်ပေးလိုက်တာ ဖြစ်ပါတယ်။ နည်းပေးလမ်းပြ လုပ်ပေးလိုက်တဲ့ သဘော၊ ဘွဲ့လက်မှတ်တွေ Certificate တွေဆိုတာ ဒါကို သူလေ့လာပြီးပြီ၊ နည်းပြသင်ယူမှု ခံယူပြီးပြီဆိုတဲ့ သဘောပါ။ တတ်မြောက်မှု ကျွမ်းကျင်မှုကတော့ လေ့လာသင်ယူမှုအပေါ် မူတည်ပါတယ်။ တက္ကသိုလ်တက်လိုက်ရုံ၊ သင်တန်းဆင်းလက်မှတ်တွေ ယူလိုက်ရုံနဲ့ ပညာတတ်ဖြစ်မလာပါဘူး။ မဟာဘွဲ့ရထားပြီး ဘာမှမတတ်တဲ့သူတွေ များစွာ ရှိပါတယ်။
ပညာဆိုတာ ကျွမ်းကျင်ခြင်း၊ တတ်မြောက်ခြင်း၊ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ နားလည်ခြင်းကို ပညာလို့ ခေါ်ပါတယ်။ တက္ကသိုလ်က ပါမေက္ခသည် မြစ်အတွင်းမှာတော့ လှေထိုးသားလောက် လှော်ခတ်တဲ့ ပညာကို မတတ်ဆိုတဲ့ ပုံပြင်ရှိပါတယ်။ လှေထိုးသားသည်လည်း အသိသညာနယ်ပယ်မှာ ပါမေက္ခလို ရမှာ တတ်မှာမဟုတ်ပါဘူး။ ကိုယ့်နယ်ပယ်မှာ ကိုယ်တတ်မြောက်ကျွမ်းကျင်မှုဟာ ပညာတရပ်ဖြစ်ပါတယ်။ ဆိုင်ရာနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်မှု ရှိခြင်း၊ တတ်မြောက် နားလည်ခြင်းဟာ ပညာဖြစ်ပါတယ်။ ကိုယ် သိထား တတ်ထားတာနဲ့ ကိုယ်တိုင် တွေးခေါ်မြော်မြင်နိုင်စွမ်းရှိမှသာ ပညာဖြစ်ပါတယ်။ ဒါပဲ သိခဲ့တယ်။ ဒါပဲ လုပ်တတ်တယ်ဆိုတာ ပညာမဟုတ်ပါဘူး။ သညာပါ သိတာလေးကိုပဲ ပြန်လုပ်တတ်တာဟာ ပညာမဟုတ်ပါ။ ဘွဲ့ရပြီးပြီ၊ ကျောင်းပြီးပြီ၊ သင်တန်းဆင်းလက်မှတ်ရပြီဆိုပြီး ဘာမှဆက်မလုပ်၊ ကျွမ်းကျင်မှုလည်း မရှိဘူးဆိုရင် ပညာမတတ်ပါဘူး။ သိတယ်ဆိုရုံမှာတင် ရပ်နေတာပါ၊ ငါ ဆယ်တန်းမအောင်လို့၊ တက္ကသိုလ်မတက်ခဲ့ရလို့ သို့မဟုတ် တက္ကသိုလ်ကောင်းကောင်း မတက်ခဲ့ရလို့ဆိုပြီး လက်မှိုင်ချ ဘာမှ မလေ့လာမသင်ယူတဲ့သူဟာလည်း ပညာမတတ်ပါဘူး။ ပညာဆိုတာကို ကျောင်းတက်မှ သင်တန်းဆင်းလက်မှတ်ကိုင်ထားနိုင်မှ ပညာတတ်တယ်လို့ ထင်မြင်နေတာကြောင့်ဖြစ်ပါတယ်။ ကျောင်းပြီးပြီး မပြီးပြီး၊ ကိုယ့်မှာ ဘာတွေရှိရှိ မရှိရှိ လောကမှာ လက်လှမ်းမီရာ လေ့လာစရာ ရှိတာကို လေ့လာသူတွေဟာ ပညာတတ်ပါတယ်။

ပညာဆိုတာ ဘယ်မှာရှိလဲ
ပညာဆိုတာ လောကပတ်ဝန်းကျင်မှာ ရှိပါတယ်။ လူတွေနေ့စဉ်သွားလာ လှုပ်ရှားနေတဲ့ နေရာတွေ ပတ်ဝန်းကျင်တွေမှာ ပညာတွေ ရှိတယ်။ လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ ပညာတွေ၊ တယောက်နဲ့တယောက်ဆက်ဆံရေးမှာ သဘောထားတွေကို လေ့လာနိုင်တဲ့ ပညာတွေ၊ ရောင်းဝယ်ရေး၊ သွားလာရေး ကူးသန်းရေး စတာတွေမှာ ပညာတွေ ရှိတယ်။ ဈေးထဲသွားတဲ့အခါ ဈေးသည်တွေ တနေ့တနေ့ ဘယ်လို ရင်းနီးသလဲ၊ ကုန်ကိုဘယ်လိုယူပြီး ဘယ်လောက်အမြတ်တင်ရောင်းသလဲစတဲ့ ရောင်းဝယ်ရေး ပညာတွေ၊ ဘဝမှာ ပိုင်ဆိုင်မှုဆိုလို့ ဘာမှမရှိတဲ့ လူတန်းစာတွေ ဘယ်လိုခွန်အားတွေနဲ့ ရပ်တည်နေသလဲဆိုတဲ့ သဘောတရားတွေကအစ လေ့လာစရာ သင်ယူစရာတွေ ရှိပါတယ်။
မြန်မာစကားရှိတယ်၊ “သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ”
ကိုယ့်ကို ကကြီး ခခွေးက စလို့ သင်ပေးသူတွေကို သင်ဆရာအဖြစ်သတ်မှတ်ပါတယ်။ သူတို့ဆီကနေ အခြေခံ သိမှတ်စရာတွေ သဘောတရားပညာရပ်တွေ ရတယ်။ သင်ယူရင်းရတဲ့ ပညာတွေဖြစ်တယ်။ လူတယောက်ရဲ့ ပြုမူလှုပ်ရှားမှုကနေ ကိုယ့်အတွက် အတုယူစရာ၊ သင်ယူစရာ ရတာကို မြင်ဆရာအဖြစ်သတ်မှတ်ပါတယ်။ မြင်ရင်းနဲ့ ရတဲ့ ပညာတွေ ဖြစ်ပါတယ်။ ဥပမာ- လူတယောက် ကွန်ပစ်နေတယ်၊ ဒီလူ ကွန်ဘယ်လိုပစ်လဲ၊ ဘယ်လိုသိမ်းလဲကြည့်ပြီး လေ့လာရင်း ပညာဆိုတာ ရပါတယ်။ ကြားဆရာဆိုတဲ့ အခါ လူတယောက် ပြောတဲ့စကားကို တိုက်ရိုက်ကြားတာပဲဖြစ်ဖြစ်၊ တဆင့်ကြားတာပဲ ဖြစ်ဖြစ် သူ့ရဲ့ စကားတွေကနေ ကိုယ့်အတွက် ပညာရစေတဲ့အခါ ကြားခြင်းကနေ ပညာရနိုင်ပါတယ်။
ဒါကြောင့်မို့ ပညာဆိုတာ သိမြင်နားလည်ခြင်းသဘော၊ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်းသဘောကို ပညာလို့ သတ်မှတ်ပါတယ်။ ကိုယ့်သတ်ဆိုင်ရာ နယ်ပယ်မှာ နားလည်ခြင်း ကျွမ်းကျင်ခြင်းက ပညာဖြစ်ပါတယ်။ သိရုံသာ သိပြီး နားလည်ခြင်းမရှိ၊ ကျွမ်းကျင်ခြင်းလည်းမရှိရင် ပညာမဟုတ်ပါဘူး။ ပညာရှင်ဆိုတာ ကိုယ့်အလုပ်မှာ ကျွမ်းကျင်ရင် ပညာရှင်ဖြစ်ပါတယ်။ မကျွမ်းကျင် နားမလည်ရင်တော့ သင်တန်းဆင်းလက်မှတ် တထပ်ကြီးရှိနေလဲ ပညာရှင်မဖြစ်ပါဘူး။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကနေ သင်ယူပါ၊ ကိုယ့်ကို အလုံးစုံ ပြည့်စုံနားလည်အောင် သင်ပြပေးနိုင်သူတယောက် ကိုယ့်ရှေ့ ရောက်လာတဲ့အထိ ထိုင်စောင့် မနေပါနဲ့။ ကိုယ့်အနီးအနားက လက်လှမ်းမီရာကို သင်ယူပါ။ ဒီနေ့မှာ အင်တာနက်ပေါ်မှာ တတ်မြောက်ဖို့အတွက် သင်ယူစရာတွေ များစွာ ရှိပါတယ်။ ကိုယ်ဝါသနာပါရာ အားသန်ရာကို ရွေးချယ် သင်ယူလို့ရနေပါပြီ။
နားလည်ခြင်းသည် ပညာဖြစ်ပါတယ်။ ကျွမ်းကျင်တတ်မြောက်သူဟာ ပညာရှင်ဖြစ်ပါတယ်။

သူရိန်
၃၁.၁၂.၂၀၁၉

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.