![]() |
Neerja Bhanot
(7 September 1963- 5 September 1986)
|
နီဂျာ
"အခြေအနေတခုမှာ ကိုယ့်အတွက် မစဉ်းစားဘဲ
အများအတွက် စဉ်းစားတတ်တဲ့သူဟာ သူရဲကောင်းပဲ"
နီဂျာဆိုတာ လေယာဉ်အကြမ်းဖက်ခံရမှုမှာ
ခရီးသည်များကို ကယ်တင်ရင်း အသက်ပေးသွားတဲ့ လေယာဉ်မယ်တဦးပါ။
နီဂျာကို ၁၉၆၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ
အိန္ဒိယနိုင်ငံ၊ ချန်ဒီဂဒ်မှာ မွေးဖွားခဲ့ပါတယ်။ ဘုံဘေမှာကျောင်းတက်ခဲ့ပြီး စိန့်ဇာဗိုင်ရာ
ကောလိပ်ကနေ ဘွဲ့ရခဲ့ပါတယ်။ ဘုံဘေမှာ ရှိစဉ်မှာပဲ နီဂျာဟာ သရုပ်ဆောင်လုပ်ရန် လျှောက်ခဲ့ပါသေးတယ်။
နီဂျာဟာ ဘွဲ့ရပြီးနောက် ပန်အန်းလေကြောင်းလိုင်းမှာ
လေယာဉ်မယ်လုပ်ရန် အလုပ်လျှောက်ခဲ့ပါတယ်။ သူမ ပန်အန်းလေကြောင်းမှာ အလုပ်လုပ်တဲ့အချိန်မှာပဲ
သရုပ်ဆောင်လုပ်ရန် လျှောက်ထားခဲ့မှုကလည်း အရွေးခံရပါတယ်။
ဘုံဘေမှ အမေရိကန်ပြည်ထောင်စုကို
ပျံသန်းတဲ့ Pan Am 73
လေယာဉ်မှာ နီဂျာက အကြီးတန်းလေကြောင်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၈၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ Pan Am 73 လေယာဉ်ဟာ
ပါကစ္စတန်နိုင်ငံ၊ ကရာချီလေဆိပ်မှအတက်မှာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ လေယာဉ်ပေါ်မှာ
ခရီးသည် ၃၈၀ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၃ ဦးပါဝင်ပါတယ်။ လေယာဉ်အကြမ်းဖက်ခံရချိန်မှာပဲ
နီဂျာက လေယာဉ်မှူးဆီကို အကြောင်းကြားနိုင်ခဲ့တယ်။ အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်က
လေယာဉ်ကို ဆိုက်ပရက်ဆီ ပျံသန်းစေပြီး ပယ်စတီနီးယန်းအကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသားတွေနဲ့
လဲလှယ်ဖို့ပါပဲ။ အကြမ်းဖက်အဖွဲ့ဟာ လစ်ဗျားက ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့ဖြစ်တာကြောင့်
အမေရိကန်လူမျိုးများနဲ့ အမေရိကန်ထောက်ခံသူများကို ပစ်မှတ်ထားခဲ့ကြပါတယ်။ အကြမ်ဖက်မှုအစပိုင်းမှာ
အမေရိကန်လူမျိုးများကို ခွဲထုတ်ဖို့အတွက် မှတ်ပုံတင်တွေ တောင်းခဲ့ပါတယ်။ အမေရိကန်လူမျိုးတွေ့ရှိတာနဲ့
ဆွဲထုတ်ပြီး ပစ်သတ်ကာ အရေးပေါ်ကယ်ပေါက်ကနေ ပစ်ချတယ်။
နောက်တော့ အကြမ်းသမားတွေက နီဂျာကို
မှတ်ပုံတင်တွေ လိုက်တောင်းဖို့ ခိုင်းပါတယ်။ နီဂျာနဲ့ လေယာဉ်မယ်တွေဟာ မှတ်ပုံတင်တွေလိုက်တောင်းပြီး
အမေရိကန်မှတ်ပုံတင်တွေကို ဖွက်ထားခဲ့ကြတယ်။ ဒါကြောင့်မို့ အကြမ်းဖက်သမားတွေက အမေရိကန်လူမျိုးနဲ့
အမေရိကန်မဟုတ်တဲ့လူတွေကို ခွဲခြားလို့ မရခဲ့ပါဘူး။ လေဆိပ်သို့ဆင်းပြီး
အကြမ်းဖက်မှုဟာ ၁၇ နာရီကြာလာတဲ့အခါမှာတော့ အကြမ်းဖက်သမားတွေဟာ လေယာဉ်ပေါက်ကွဲသွားစေဖို့
မီးရှို့ပါတယ်။ နီဂျာဟာ လေယာဉ်တံခါးတခုကို ဖွင့်ပြီး ခရီးသည်တွေကို ထွက်ပြေးလို့ရအောင်
လုပ်ပေးပါတယ်။ သူမကိုယ်တိုင် ရှေ့ဆုံးက ထွက်ပြေးရင်ရပေမယ့် မပြေးပဲ အခြားလူတွေ
ထွက်ပြေးနိုင်အောင်ပဲ ကူညီပေးခဲ့ပါတယ်။ ခရီးသည်တွေ ထွက်ပြေးဖို့အတွက် ကူညီနေရင်းပဲ
နီဂျာဟာ အကြမ်းဖက်သမားတွေရဲ့ သေနတ်နဲ့ ပစ်သတ်ခြင်းကို ခံရပါတယ်။ အခြားလူများကို ကယ်တင်ရင်း
နီဂျာရဲ့ အိမ်ပြန်ချိန်ဟာ အသက်မပါဘဲ ရုပ်ကလာပ်သာ ပြန်ခဲ့ရပါတယ်။ ခရီးသည်များထဲမှာ
အမေရိကန်လူမျိုး ၄၄ ဦး ပါဝင်ခဲ့ပြီး ၂ ဦးဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။
နီဂျာကယ်တင်ခဲ့တဲ့ ခရီးသည်တွေထဲက အသက် ၇
နှစ်အရွယ် ကလေးဟာ ဒီနေ့ချိန်မှာ လေယာဉ်မှူးကြီးဖြစ်နေပါပြီ။ အကြမ်းဖက်မှုမှာ
အများအတွက် နီဂျာ အသက်ပေးသွားတဲ့နေ့ရက်ဟာ သူမရဲ့ အသက် ၂၃ နှစ်ပြည့်ရန် ၂ ရက်ပဲလိုပါတော့တယ်။
နီဂျာဟာ အိန္ဒိယ၏ အမြင့်ဆုံးသူရဲကောင်းဆုဖြစ်တဲ့ Ashoka Chakra ဆုကို ရရှိတဲ့ အသက်အငယ်ဆုံး သူရဲကောင်းဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက
နီဂျာရဲ့ ရဲရင့်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက် ဆုများစွာ ပေးအပ်ခဲ့သလို
ပါကစ္စတန်မှလည်း Tamgha-e-Pakistan ဆုကို ချီးမြင့်ခဲ့ပါတယ်။
နီဂျာ ကွယ်လွန်ခဲ့တာ ၃၃ နှစ်ရှိပါပြီ။ အများအတွက် အနစ်နာခံ စွန့်လွှတ်ခဲ့တဲ့
နီဂျာကတော့ အမြဲရှင်သန်နေဦးမှာပါ။
သူရိန်


