Type Here to Get Search Results !

ကိုယ်တိုင်ပြောင်းလဲဖို့လိုတယ်


ကျွန်တော်တို့ရဲ့ ပုံစံတွေက ဘာနဲ့တူသလဲဆိုတော့ ဇွန်ပန်းရုံအနီးမှာ လှည်းဘီးကျွံသလိုပဲ လှည်းဘီးက ကျွံနေတယ်။ လှည်းကို ရှေ့ကိုရွှေ့စေချင်တယ်။ ဒီကျွံတဲ့နေရာကနေ လွတ်ချင်တယ်။ ဘီးကျွံတဲ့ဘဝက လွတ်ချင်တာပဲသိတယ်။ လွတ်အောင် ဝိုင်းကြိုးပမ်းကြဖို့တော့ မရှိဘူး။ လွတ်အောင်ရုန်းဖို့က နွားနှစ်ကောင်ရဲ့တာဝန် ကိုယ်နဲ့မဆိုင်သလိုပေါ့။ လွတ်ပါစေ ဆုတောင်းမယ်၊ မလွတ်ရကောင်းလား ငြိုငြင်မယ် ကိုယ်တွေမှ ဖြစ်ရလေခြင်း ငိုချင်းချချင်ချမယ်။ ကျွန်တော်တို့လုပ်တာ ဒါပဲ။ ဆင်းတွန်းဖို့ ဝိုင်းဝန်းရုန်းကန်ကြဖို့ တော့ ကျွန်တော်တို့ မသက်ဆိုင်တဲ့ ကိစ္စတွေလိုပဲ။ ပြောင်းလဲမှုကို လိုချင်လိုက်တာ ကိုယ်ကိုယ်တိုင်ကိုရော ကျွန်တော်တို့ ပြောင်းလဲချင်ရဲ့လား။ ပြောင်းလဲရဲ့လား။ စည်းကမ်းရှိမှုတွေလိုချင်လိုက်တာ၊ သန့်ရှင်းတဲ့လမ်းတွေ၊ ခမ်းနားတဲ့မြို့ပြတွေ လိုချင်လိုက်တာ ကိုယ်ကိုယ်ကရော စည်းကမ်းရှိရဲံ့လား။ အမှိုက်ကို ကြုံသလို ပစ်တတ်တဲ့အကျင့်တွေကို ပြင်ရဲ့လား။ မိုးပျံအောင် ခေတ်မီချင်တယ်။ လာဘ်ပေးလာဘ်ယူတွေ မမြင်ချင်ဘူး၊ အကတိတွေ မမြင်ချင်ဘူးကိုယ်တိုင်ရော အဲဒီလိုမျိုးဖြစ်အောင် ကျွန်တော်တို့ ပြုပြင်ကြရဲ့လား ကြိုးစားကြရဲ့လား။ ဘီးကျွံတာကို ရုန်းဖို့က နွားနှစ်ကောင်ရဲ့အလုပ်လို့ သတ်မှတ်ထားသလိုပဲ ကျွန်တော်တို့က ကိုယ်တိုင်ပါဝင်ရုန်းကန်ဖို့ကို မေ့နေကြတယ်။ ဘာသိဘာသာနေကြတယ်။ မပြောင်းလဲဘူး၊ မတိုးတက်ဘူး၊ စိတ်တိုင်းမကျဘူး၊ စည်းကမ်းမဲ့လိုက်ကြတာ ဒီသံသရာထဲမှာပဲ ကျွန်တော်တို့က ပျော်နေကြတယ်။ ပြောင်းလဲမှုကို ကျွန်တော်တို့ သိပ်လိုချင်တယ်။ ကိုယ်တိုင်ပါဝင်ပြောင်းလဲဖို့ကိုတော့ ကိုယ်နဲ့မဆိုင်သလိုနေတယ်။ စည်းကမ်းမရှိတာတွေ စိတ်ပျက်မယ်။ ကိုယ်တိုင်ပူးပေါင်းပါဝင်ဖို့ကို မေ့နေတယ်။ တကယ်ဆို ဘီးကျွံနေတဲ့ ကိစ္စက ကျွန်တော်တို့နဲ့ဆိုင်တယ်။ ကိုယ်တိုင်ပါဝင်ပြီး မတွန်းပဲနဲ့တော့ ရွေ့မှာမဟုတ်ဘူး။ နိုင်ငံမတိုးတက်တာ၊ အောက်ကျနောက်ကျဖြစ်နေတာ ကျွန်တော်တို့နဲ့ဆိုင်တယ်။ ကျွန်တော်တို့က ဒီနိုင်ငံထဲမှာ နေတဲ့လူတွေပဲ။ ဒီနိုင်ငံထဲမှာပဲ သေရမယ့်လူတွေ။ ဘယ်နိင်ငံကတော့ တိုးတက်နေပြီ။ ဘယ်မြို့ကြီးကတော့ လှလိုက်တာ၊ စည်းကမ်းရှိလိုက်တာ ဆိုပြီး ကျွန်တော်တို့ အားကျမယ်။ ကိုယ့်ဆီမှာတော့ အဲဒီလိုဖြစ်အောင် မဝိုင်းဝန်းချင်ကြဘူး။ ထမလုပ်ချင်ကြဘူး။ သူများစည်းကမ်းရှိတာပဲ အားကျမယ် ကိုယ်တိုင် အမှိုက်ကြုံသလိုပစ်မယ် လစ်ရင်လစ်သလို မီးနီဖြတ်မယ်။ တိုးတက်တာကို မြင်ချင်တာကလွဲရင် အရာရာကို ကိုယ်နဲ့မဆိုင်သလိုပဲ ကျွန်တော်တို့နေကြတယ်။ တကယ်တမ်းကြတော့ နိုင်ငံက ဘာမှထလုပ်လို့မရဘူး။ ကျွန်တော်တို့ထလုပ်မှပဲရမယ်။ ကျွန်တော်တို့ရုန်းကန်မှ ဒီနိုင်ငံလည်းတိုးတက်မယ်။ ကျွန်တော်တို့စည်းကမ်းရှိမှပဲ ဒီနိုင်ငံက သန့်ရှင်းမယ်။ ကျွန်တော်တို့ ပြောင်းလဲမှုကို သိပ်လိုချင်တယ်။ ကိုယ်တိုင်ရော ပြောင်းလဲချင်စိတ် ရှိပါရဲ့လား။

သူရိန်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.