ဘဝက ခက်ခဲလိုက်တာလို့ သင်ထင်နေတဲ့အခါ သင် အရှုံးပေးလက်လျှော့ဖို့ သင်ကြိုးစားနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘဝက မမျှတာဘူးလို့ သင်ထင်နေတာကြောင့်ပါ။ ထပ်ပြီးတော့ စဉ်းစားကြည့်ပါ။ ကျွန်မ လက်ထပ်ခဲ့တုန်းက အသက် ၁၈ နှစ်ပဲ ရှိပါသေးတယ်။ ကျွန်မရဲ့ မိသားစုက သိပ်ပြီးတော့ ရှေးရိုးစွဲဆန်တယ်။ သမီးလိမ္မာတွေက မိဘစကားကို နားထောင်ရတယ်။ အဖေက ကျွန်မကို အိမ်ထောင်ချထားပေးချင်တယ်။ လက်ထပ်ပြီးတဲ့အခါ ကျွန်မ ပျော်ရမှာပါလို့လည်း ပြောတယ်။ မိဘကို စိတ်ချမ်းသားစေချင်တဲ့ ကျွန်မက ခေါင်းငြိမ့်ခဲ့တာပေါ့။ တကယ်တမ်းမှာတော့ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေး မဖြစ်ခဲ့ပါဘူး။
လက်ထပ်ပြီး ၂
နှစ်၊ ပြောရရင် လွန်ခဲ့တဲ့ ၉ နှစ်လောက်ကပေါ့။ ကျွန်မတို့ ကားအက်စီးဒင့်ဖြစ်တယ်။ အမျိုးသားက
ကောင်းမောင်းရင်း အိပ်ငိုက်သွားလို့ ကားက မြောင်းထဲ ထိုးကျသွားတာ။ အမျိုးသားက
အချိန်မီခုန်ထွက်လိုက်နိုင်လို့ လွတ်သွားတယ်။ ကျွန်မသူ့အတွက် ဝမ်းသာပါတယ်။ ကျွန်မကတော့
ကားထဲမှာ ပိတ်မိနေတုန်းပဲ။ တကိုယ်လုံး နာကျင်ကိုက်ခဲနေတယ်။ ထိခိုက်မိတဲ့နေရာတွေက
တကိုယ်လုံး အနှံ့ပါပဲ။ ညာဘက်လက်မောင်း အဆစ်ပြုတ်သွားတယ်။ လက်ကောက်ဝတ်လည်း
ကျိုးသွားတယ်။ ပခုံးရိုးနဲ့ ညှပ်ရိုးတွေ ကျိုးတယ်။ နံရိုးတွေလည်း ကျိုးကုန်တယ်။
နံရိုးတွေကျိုးကုန်တာကြောင့် အသည်းနဲ့အဆုတ်က ညှပ်မိနေပြီး အသည်းခိုက်အောင် ဝေဒနာကို
ခံစားနေခဲ့ရတယ်။ ဒါပေမယ့် အဲဒီဝေဒနာတွေက ကျွန်မရဲ့ဘဝကို ပြောင်းလဲသွားစေခဲ့တယ်။ ဘဝရဲ့ရှင်သန်ရခြင်းကို
သိမြင်နားလည်တဲ့ လူတယောက်အဖြစ် ကျွန်မကို ပြောင်းလဲပေးလိုက်တယ်။ ကျောရိုးမကြီးရဲ့ ကျောရိုး
၃ ခုဟာ လုံးဝကြေသွားတယ်။ ကျွန်မဘဝရဲ့ လက်ကျန်အချိန်တွေဟာ အကြောသေသူတယောက်လို
ဖြစ်ခဲ့တယ်။
အက်စီးဒင့်ဖြစ်တဲ့အချိန်တုန်းက
ကယ်ဆယ်ဖို့အတွက် လူတွေအများကြီးလာကြတယ်။ သူတို့ ကျွန်မကို ကားထဲကနေ ဆွဲထုတ်တယ်။ အရေးပေါ်ကယ်ဆယ်မှုတွေ
လုပ်ပေးကြတယ်။ သူတို့ ကျွန်မကို ကားထဲကနေ ဆွဲထုတ်နေတုန်းမှာပဲ ကျောဆစ်တွေက
ပြုတ်ကုန်တာပေါ့။ အဲဒီတုန်းက ဆေးရုံမှာ ၂ လခွဲခန့် အချိန်ဟာ သေလုမြောပါး
ဖြစ်တဲ့အချိန်ပါ။ လက်လျှော့ရခါနီး အနေအထားမှာပဲ ရှိနေခဲ့ပါတယ်။ တနေ့မှာ ဆရာဝန်ရောက်လာပြီး
ကျွန်မကို ပြောပြတယ်။ ခင်ဗျားက အနုပညာရှင်တယောက်ဖြစ်ချင်တယ်ဆိုတာ ကျွန်တော်သိထားပါတယ်။
ဒါပေမယ့် ခင်ဗျား အိမ်ရှင်မအဖြစ်ပဲ အဆုံးသတ်ခဲ့ရတယ်မဟုတ်လား။ ခင်ဗျားကို ပြောပြဖို့
သတင်းဆိုးပဲရှိပါတယ်။ ခင်ဗျား ပန်းချီဆွဲနိုင်မှာ မဟုတ်တော့ပါဘူးတဲ့။ နောက်တနေ့မှာလည်း
ဆရာဝန်က ထပ်ရောက်လာပါတယ်။ ခင်ဗျားရဲ့ ကျောရိုးဒဏ်ရာက တော်တော်အခြေအနေဆိုးတယ်။
ခင်ဗျားလမ်းလည်း လျှောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောပြတယ်။ ကျွန်မ ပင့်သက်ရှိုက်ဖို့ပဲ
တတ်နိုင်တော့တယ်။ ရပါတယ်လို့သာ ကျွန်မ ပြန်ပြောလိုက်ရတယ်။ နောက်တနေ့မှာလည်း ဆရာဝန်က
ထပ်ရောက်လာပြီး ပြောပြပါတယ်။ ခင်ဗျားရဲ့ ကျေားရိုးဒဏ်ရာနဲ့ အရိုးအစားထိုးထည့်ထားတဲ့
အရာတွေကြောင့် ခင်ဗျား ကလေးမွေးလို့လည်း မရတော့ဘူးလို့ ပြောတယ်။ အဲဒီနေ့က ကျွန်မ
ချုံးပွဲချ ငိုမိတယ်။
ကျွန်မ သတိရနေတုန်းပဲ။ ကျွန်မ အမေ့ကို မေးခဲ့တယ်။ ဘာကြောင့်လဲ…. ဘာကြောင့်
ကျွန်မမှာမှ ဒီလိုအဖြစ်မျိုးဖြစ်ရတာလဲ။ ဒီလို အခြေအနေမျိုးနဲ့ ကြုံရတာလဲပေါ့။ အဲဒါဟာ
ကျွန်မ ဘာကြောင့် အသက်ရှင်နေရလဲဆိုတာရဲ့ ဘဝရပ်တည်မှု မေးခွန်းလည်း ဖြစ်ခဲ့တယ်။ အဲဒီမှာပဲ
စိတ်ဒဏ်ရာတွေကို ကုစားဖို့အတွက် စကားလုံးတွေမှာ စွမ်းအားရှိတယ်ဆိုတာကိုလည်း သိခဲ့ရတယ်။
အမေက ပြောတယ်။ ဒါတွေက ပြီးသွားလိမ့်မယ်… လွန်သွားလိမ့်မယ်တဲ့။
ဘုရားသခင်မှာ သမီးအတွက် အစီအစဉ်ရှိပါတယ်။ အဲဒီအစီအစဉ်က ဘာလဲဆိုတာတော့ အမေ မသိဘူး။ ဒါပေမယ့်
ဘုရားသခင်မှာ သမီးအတွက် အစီအစဉ်ရှိတယ်ဆိုတာကိုတော့ အမေပြောရဲပါဘယ်။ အဲဒီနေ့မှာပဲ
ကျွန်မဆီမှာရှိနေတဲ့ ကြောက်ရွံ့မှုတွေကို မောင်းထုတ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ကျွန်မကြောက်ရွံ့တတ်တဲ့အရာတွေကို
တခုပြီးတခု တန်းစီချရေးလိုက်တယ်။ အဲဒီကြောက်စိတ်တွေကို ကျော်လွှားဖို့ ကျွန်မ
သံန္နိဋ္ဌာန် ချတယ်။
ကျွန်မ အကြောက်ဆုံးအရာက ဘာလဲသိလား။ ကွားရှင်းပြတ်စဲခြင်းပါ။ ကျွန်မ
အဲဒီ “ကွာရှင်းပြတ်စဲခြင်း”ဆိုတာကို အရမ်းကြောက်တယ်။ ကျွန်မကို မလိုအပ်တော့တဲ့ လူတယောက်အနားမှာပဲ
တွယ်ကပ်နေနိုင်ဖို့ပဲ ကျွန်မကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျွန်မဆုံးဖြတ်ပြီးတဲ့နေမှာပဲ
အဲဒီ ကွာရှင်းပြတ်စဲခြင်းဆိုတာကို ကျွန်မ မကြောက်တော့ပါဘူး။ ကျွန်မ သူနဲ့ ကွာရှင်းခဲ့တယ်။ သူ့ကို လွှတ်လိုက်ခြင်းအားဖြင့်
ကျွန်မကိုယ်တိုင်လည်း လွတ်မြောက်ခဲ့ပါတယ်။ ကျွန်မကိုယ်ကျွန်မ စိတ်ဓာတ်ကြံ့ခိုင်အောင်
ကြိုးစားတယ်။ သူလက်ထပ်လိုက်ပြီဆိုတာ ကြားတဲ့နေတုန်းက သူ့အတွက် ဝမ်းသာကြောင်း၊ အကောင်းဆုံးဖြစ်ပါစေကြောင်း
ကျွန်မ ဆုတောင်းပေးခဲ့ပါသေးတယ်။

ဒါကြောင့်မို့ သင့်ကိုယ်သင်
အရှိအတိုင်းလက်ခံလိုက်တဲ့အခါမှာ သင်လျှောက်ရမယ့်လမ်းကို တွေ့ပါလိမ့်မယ်။ ကမ္ဘာကြီးကလည်း
သင့်ကို အသိအမှတ် ပြုပါလိမ့်မယ်။ အရာအားလုံးက ကိုယ်ကနေ စတင်တာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့
ဘဝမှာ အံ့ဩဖွယ်ရာ ဆန်းကြယ်မှုတွေ ရှိပါတယ်။ ဘယ်အရာတွေက ဘယ်လိုဖြစ်ရမယ်ဆိုပြီးတော့ပေါ့။
ဒါကတော့ ကျွန်မအတွက် အစီအစဉ်ပါပဲ။ တကယ်လို့သာ ဘာမှဖြစ်မလာတဲ့အခါ ကျွန်မတို့ လက်လျှော့မိကြတယ်။
ကိုယ်က စတင်ဖို့လိုတယ်။ ကိုယ့်လမ်းကို ဆက်လျှောက်ဖို့ လိုပါတယ်။
Wheel Chair ပေါ်မှာ
နေရတဲ့ဘဝမျိုးကို ကျွန်မ မဖြစ်ချင်ခဲ့ပါဘူး။ Wheel Chair နဲ့သွားလာရတဲ့
ဘဝမျိုးကို ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ဘဝဆိုတာက စစ်ဆေးမှုလည်းဖြစ်သလို စမ်းသပ်မှုလည်း
ဖြစ်ပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေက လွယ်ကူမှာတော့ မဟုတ်ဘူး။ ဒါကြောင့်မို့ ဘဝမှာ လွယ်ကူမှုတွေကို
သင်မျှော်လင့်နေတဲ့အခါ ဘဝက သင့်ကို သံပုရာသီးပဲ ပေးတယ်။ အဲဒီအတွက် သင်က သံပုရာရည်ကိုယ်တိုင်လုပ်ရမယ်။ ဒါကြောင့်မို့ ဘဝကို အပြစ်မတင်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင်က
စစ်ဆေးမှုတွေက လွယ်ကူဖို့ မျှော်လင့်နေတာကြောင့်ပါ။ စမ်းသပ်စစ်ဆေးမှုတွေက သင့်ကို
ပိုသန်မာစေတယ်။ ပိုကောင်းတဲ့ လူတယောက် ဖြစ်စေတယ်။ ဘဝဆိုတာ စမ်းသပ်မှု တခုပဲ။
အချိန်တိုင်း အဲဒါကို နားလည်တယ်ဆိုရင် ကြောက်နေလည်း ရတယ်။ ငိုနေလည်း ရတယ်။
အားလုံးအဆင်ပြေပါတယ်။ ဒါပေမယ့် လက်လျှော့ အရှုံးပေးခြင်းကတော့ ရွေးချယ်စရာတခု
မဖြစ်သင့်ဘူး။ ကျရှုံးမှုက ရွေးချယ်စရာ မဟုတ်ဘူးလို့ သူတို့ အမြဲတမ်းပြောကြတယ်။ သင်လဲကျတယ်
သင်ပြန်ထတယ် အကယ်၍ နောက်တခါ ထပ်လဲကျတယ်။ သင်ပြန်ထမယ်ပေါ့။ နောက် သင်လျှောက်ရမယ့်လမ်းကို
ဆက်လျှောက်တယ်။ ဒါဟာ သင်လက်မလျှော့ခြင်း အရှုံးမပေးခြင်းကို ရွေးချယ်တာပဲ။
တကယ်လို့သာ သင်လဲကျတဲ့နေရာမှာပဲ ပြန်မထတော့ဘူးဆိုရင်တော့ အရှုံးပေးခြင်းကို သင်ရွေးချယ်တာပဲ။
သင် လက်ရှိ
ပိုင်ဆိုင်ထားတဲ့ ဘဝမျိုးကို စိတ်ကူးယဉ်နေတဲ့ လူတွေ ကမ္ဘာပေါ်မှာ
အများကြီးရှိပါတယ်။ သင့်မှာ သင့်ဘဝအတွက် အကြံအစည်မရှိဘူး။ လက်ရှိအချိန်ကို
ခံစားပါ။ သင်ရှုရှိုက်နေတဲ့ ဝင်လေထွက်လေတိုင်းကို ထိတွေ့ပါ။ သင့်ရဲ့ဘဝကို အောင်ပွဲခံပါ။
ရှင်သန်ပါ။ မကွယ်လွန်မီ ဘဝမသေဆုံးပါစေနဲ့။ ဘဝမှာ ပြည့်ပြည့်ဝဝ ရှင်သန်နေထိုင်ပါ။
သင့်ကိုယ်သင် အရှိအတိုင်း လက်ခံပါ။ သင့်ကိုယ်သင်လည်း ကြင်နာပါ။ စစ်မှန်တဲ့ ပျော်ရွင်တွေဟာ
ကျေးဇူးတရားပေါ်မှာ မူတည်တယ်။ ကျေးဇူးတင်တတ်ပါစေ။ အချိန်တိုင်းမှာ အကျိုးရှိစွာ နေထိုင်ပါ။
သူရိန်
![]() |
Muniba Mazari (Parkistan -Artist, Writer) |
15 Oct 2019