Type Here to Get Search Results !

Unicode ပြောင်းခြင်း

Unicode သုံးဖို့အတွက် ဘာတွေထပ်ထည့်ရမှာ ဘာတွေ လုပ်ရမှာလဲ အလုပ်ရှုပ်ဦးမှာပဲလို့ ဖြစ်နေခြင်းအတွက် ဆွေးနွေးလိုပါတယ်။ အမှန်တကယ်က Unicode သုံးဖို့အတွက် ထပ်ထည့်စရာမလိုဘူး။ Device တခုကို စက်ရုံကနေ စျေးကွက်ထဲကို ဝင်လာတဲ့အတိုင်း သုံးရင်ကို Unicode ပဲ။ ခုနောက်ပိုင်း ကျွန်တော်တို့ နိုင်ငံမှာ အင်တာနက်အသုံးပြုသူတွေများလာတယ်။ လူမှုကွန်ယက်တွေ အသုံးပြုသူများလာသလို ဖုန်းလိုအပ်ချက်များလာတယ်။ နောက် အချင်းချင်း ဆက်သွယ်ဖို့ မြန်မာစာဆိုတာပေါ့။ အဲဒီမှာ မြန်မာပြည်စျေးကွက်အတွက် မြန်မာစာ Built in ပါတဲ့ ဖုန်းတွေဝင်လာတယ်။ ဖုန်းဆိုင်တွေကလည်း မြန်မာစာကို ဝန်ဆောင်မှုတခုအနေနဲ့ကို ထည့်သွင်းပေးတော့တာပဲ။ အဲဒီမြန်မာစာက Unicode မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာစာ ထည့်သွင်းသူအချင်းချင်းပဲ ဖတ်လို့ရတာ။ အခြားကမ္ဘာသုံးအတွက် ကမ္ဘာ့စျေးကွက်အတွက် ထုတ်ထားတဲ့ ဖုန်းပေါ်ကနေ သွားကြည့်ရင် ကျွန်တော်တို့ ကိုယ်ဘာရေးထားတာဆိုတာကို ကိုယ်တိုင်ဖတ်လို့ရမှာမဟုတ်ဘူး။ မြန်မာစာ သွင်းထားတဲ့လူအချင်းချင်းပဲ ဖတ်လို့ရနေတာ အပြင်လူဖတ်မရဘူး။
သဘောကတော့ အမေရိကားရောက်သူလည်း မြန်မာလိုဖတ်ဖို့အတွက် မြန်မာစာသီးသန့် (Zawgyi) ထပ်ထည့်ရမယ်။ ဂျပန်၊ ကိုရီးယား ရောက်သူလည်း မြန်မာအချင်းချင်းဆက်သွယ်ဖို့ (Zawgyi ) ထည့်ရမယ်။ ဒီတိုင်း အချင်းချင်း ဆက်သွယ်လို့မရဘူး။
ဆိုကြပါစို့
မြန်မာစာကို နည်းနည်းပါးပါး အွန်လိုင်းကနေ လေ့လာချင်တဲ့ နိုင်ငံခြားသားတယောက်က ကျွန်တော် အရင်သုံးနေ ရေးနေကြတာမျိုးကို မြင်ရဖို့ ဆိုရင် သူ့ Device ထဲ ဇော်ဂျီထည့်မှာကို မြင်ရမှာ။ Zawgyi ထည့်ရမှ မြင်ရမယ်မှန်းကိုသာ သူမသိရင် အဲဒီနိုင်ငံခြားသား ရွာလည်ပြီပဲ။ နောက် မြေပုံ လမ်းညွှန်တွေ ဘာသာပြန်မှုပေါ့။ လမ်းညွှန်ဆိုင်းဘုတ်တွေ မြန်မာလို ရေးထားတာကို လမ်းမှန်အခေါ်အဝေါ်အမှန်ကို ပြန်ဆိုလို့မရတော့ဘူး။
ဖုန်းတခု Device တခုကို သူ့နဂို Default setting အတိုင်းဆိုတာ ကျွန်တော် အလွယ်ဆုံး Samsung ဖုန်းတွေနဲ့ ဥပမာပေးပါ့မယ်။ Samsung user တွေသိကြမှာပါ။ Samsung သည် setting ရိုးရှင်းတယ်။ Font style ကို ခွဲထားတယ်။ language နဲ့ မရောဘူး။ ခုနောက်ပိုင်း မြန်မာပြည်စျေးကွက်ထဲကို ဝင်ရောက်လာတဲ့ Samsung တွေမှာ zawgyi တွေ ထည့်သွင်းထားပေမယ့် Default setting ကို လုံးဝမထိဘူး။ လုံးဝမရောဘူး။ Font style ကို Default ထားလိုက်ရင် Unicode ပဲ။ ဒီတိုင်းသုံးရုံပဲ။ Mi တွေမှာလည်း Font style ကို Defautl ဆို Unicode ဖြစ်တယ်။ မြန်မာပြည်ထဲ ဝင်လာတဲ့ Huawei, Vivo, Oppo တွေမှာတော့ ပြဿနာက ဘာလဲဆိုတော့ Default အခြေအနေမှာ Unicode သည် အပြည့်အဝအလုပ် မလုပ်နိုင်တော့။Built in ထည့်သွင်းလိုက်တဲ့ စနစ်ကြောင့် English (Default) မှာ Unicode မှန်ကုန်မှု မရှိတာပဲ။ Zawgyi support ဖြစ်ပြီး zawgyi နဲ့သုံးလို့ ကျွန်တော်ဖတ်လို့ သုံးလို့ ရနေပေမယ့် တကယ့် အပြင်ဖုန်းတလုံးနဲ့ ကျွန်တော်တို့ ရေးထားတာကို ပြန်ဖတ်ကြည့်ရင် ဘာမှဖတ်လို့ရမှာ မဟုတ်ဘူး။
ဘာမှထည့်စရာမလိုပဲ ဒီတိုင်း မြန်မာစာကို သုံးလို့ရတဲ့ Unicode ဆိုတာက အခု ကျွန်တော် Unicode နဲ့ ရေးလိုက်တယ်။ ဒိပြင် Global အတွက် ထုတ်ထားတဲ့ ဖုန်းတလုံးကနေ မြန်မာတယောက်က ကျွန်တော်ရေးထားတာကို ဒီတိုင်းဝင်ဖတ်ရုံပဲ။ မြန်မာလို တခုခုထည့်မှ မြင်ရတာမျိုးမဟုတ်ဘူး။ ကျွန်တော် ကွန်ပျူတာမှာ window သုံးနေတယ်။ Chrome ကနေ Facebook သုံးတယ်ပေါ့။ Chrome font setting ကို ဘာမှမလုပ်ထားဘူး။ Download ဆွဲ install လုပ်ပြီး ဒီတိုင်းပဲ သုံးတယ်။ Unicode နဲ့ ရေးထားတာတွေကို ကျွန်တော် အေးဆေး ဖတ်လို့ရတယ်။ ဖုန်းလည်း ဒီတိုင်းပဲ Samsung, version တောင် နိမ့်နေပြီ။ Unicode သုံးမယ်ဆိုပြီး သူ့နဂိုလာတဲ့ အတိုင်း Default မှာပဲ ထားလိုက်တယ်။ မြန်မာလို ရေးတယ် ဖတ်တယ်။ ဘာတွေထူးခြားလာလဲဆိုတော့ စာမတူတဲ့ ပြဿနာရှင်းသွားတယ်။ Google Docs လို Cloud နဲ့ သွားတဲ့ file တွေကို အဆင်ပြေပြေ ဖတ်နိုင်သွားတယ်။
Google Map မှာ မြန်မာလိုတွေ မှန်သွားတယ်။ (ရရစ်) ကို တမျိုးထဲ (တချောင်းငင်) (နှစ်ချောင်းငင်) တမျိုးဆီပဲမို့လို့ ရေးနည်းမှန်သွားတယ်။ ရေးနည်းဆိုလို့ ရေးနည်း မမှန်ရင် ဘာပြဿနာရှိလဲဆိုတော့ ရေးနည်းမမှန်တဲ့ ပြဿနာက ကျွန်တော်တို့ ကိုယ်ရေးထားတာ ကိုယ်ပြန်ရှာလို့မရတဲ့ ပြဿနာပဲ။ ရရစ်အကြီးအသေးတွေ ကွဲပြားနေတာမျိုး ရရစ်မှာ ထိပ်ပြတ် အောက်ပြတ်တွေ တချောင်းငင် နှစ်ချောင်းငင်ကို အတိုအရှည်တွေ ဖြစ်နေတဲ့အခါ ရေးနည်းမှာလွဲကုန်တယ်။ ရရစ်တွေကွဲပြားနေတဲ့အတွက် (ကကြီး)လို ဗျည်းအက္ခရာ ရရစ်အသေးနဲ့ သွားတပ်ထားမိတဲ့အခါ ရှာတဲ့ အခါ ပြန်ရှာမရတော့။ ဖတ်တဲ့အခါမှာလည်း (ကကြီး)နဲ့ ရရစ်အသေး(ြ) ဖတ်ရတာ ဘယ်လိုမှ အဆင်မပြေ။ ဒါမျိုးကို ကွန်ပျူတာ သုံးတဲ့လူတွေ ပိုသိတယ်။
ရရစ် ကွဲပြားမှု၊ တချောင်းငင်၊ နှစ်ချောင်းငင် ကွဲပြားမှုတွေ မရှိတော့ရင် ကျွန်တော်တို့ ရေးနည်းက အတူတူဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ အလွယ်တကူ ပြန်ရှာနိုင်မယ်။ အက္ခရာအတိုင်း စီလို့ရနိုင်တဲ့အတွက် File တွေကို မြန်မာလို ရေးထားတာတွေလည်း ကိုယ်လိုချင်တာကို အက္ခရာစဉ်အတိုင်း အလွယ်တကူ ရှာသွားရုံပဲ။ ရေးနည်းတူမှလည်း ဘာသာပြန်စနစ်တွေက သိရှိပြီး ကျွန်တော်တို့ မသိတဲ့ ဘာသာစကားတွေကို ကျွန်တော်တို့သိတဲ့ မြန်မာဘာသာသို့ ပြန်ပေးနိုင်မယ်။ ရေးနည်းတွေ ကွဲပြားနေရင် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး။
အရင် ကျွန်တော်တို့ မြန်မာလို ရေးတယ် သုံးတယ်ဆိုတာက စျေးကွက်အရ မြန်မာစာ ရအောင် ဝင်လာတဲ့ဖုန်းတွေရယ် ဆိုင်တွေရယ်က ဝန်ဆောင်မှုပေးနေတာတွေကြောင့် ဖတ်လို့ရေးလို့ရနေတာပါ။ ကမ္ဘာတဝှမ်းအတွက် ထုတ်တဲ့ Device တွေမှာ ကျွန်တော်တို့ ရေးထားတာကို မှန်မှန်ကန်ကန် ဖတ်မရဘူး။ အမေရိကားရောက်တဲ့ မြန်မာကလည်း မြန်မာလိုဖတ်ရဖို့ မြန်မာစာဆိုပြီး ထည့်ရမယ်။ ဘယ်ရောက်ရောက် မြန်မာလို ဖတ်ရဖို့ လုပ်ရမှာပဲ။
အခု ကျွန်တော်တို့ Unicode နဲ့ရေးလိုက်ရင် သီးသန့်ထပ်ထည့်စရာ မလိုတော့ဘူး။ ဒီတိုင်းသုံးရုံပဲ။ ဖုန်းအကြောင်း install တွေဘာတွေ နားမလည်တဲ့လူလည်း ကိစ္စမရှိဘူး။ ဒီတိုင်းဖတ် ဒီတိုင်းသုံးပဲ။
Unicode ရဖို့ လုပ်ကြရတယ်ဆိုတာကလည်း Unicode ရယ်လို့ မသတ်မှတ်ခင်မှာ ထွက်ရှိခဲ့တဲ့ Device တွေမှာ Device setting မှာ Unicode စနစ်မဟုတ်တာကို ရောထားတဲ့ ဖုန်းတွေနဲ့ Font style ကို ကိုယ့်စိတ်ကြိုက် သုံးချင်သူတွေလောက်ပဲ Unicode ရဖို့ဆိုပြီး လုပ်ကြရတာဖြစ်ပါတယ်။ ဒီတိုင်း ပုံမှန်ကတော့ ဖုန်းကို သူ့စက်ရုံက လာတဲ့အတိုင်းသုံး Factory reset ပေါ့။ အဲဒါ Unicode ပဲ။
နောက်ပြီး Unicode သည် သီးသန့်ထည့်သွင်းရတဲ့ font လိုမျိုးမဟုတ်ပါဘူး။ သူက အခြေခံ စည်းမျဉ်းစည်းကမ်းလိုပဲ။ ကျွန်တော်တို့က ဒီစည်းမျဉ်းအတိုင်း ဖြစ်တဲ့ Keyboard ကိုသုံးပြီး စားထားလိုက်ရင် ကျွန်တော်ရေးထားတဲ့ စာကို မှန်မှန်ကန်ကန်ဖတ်လို့ရပြီ။ Device ကို Unicode system မှာထားပြီး zawgyi support သာဖြစ်တဲ့ keyboard နဲ့ ရိုက်ရင် စာတွေ ဖတ်ရတာ ဘယ်လိုမှ မှန်မှာမဟုတ်လို Zawgyi ကြီးထည့်ထားပြီး Unicode support ဖြစ်တဲ့ keyboard သွားရိုက်ရင်လည်း စာတွေမှန်မှာမဟုတ်ပါဘူး။
အချုပ်အားဖြင့် ကျွန်တော်တို့ Unicode ကို ပြောင်းသုံးကြတယ်ဆိုရာမှာ အရင်မကောင်းလို့ ပြောင်းခြင်းမဟုတ် ပိုကောင်းတာကို ပြောင်းသုံးခြင်းပါပဲ။ ရေးနည်းတည်ငြိမ်မှု၊ မြန်မာအချင်းချင်းဆက်သွယ်တဲ့အခါ ဘယ်နေရာရောက်ရောက် မြန်မာစာနစ် ထည့်သွင်းမှ မြင်ရမယ်ဆိုတာမျိုးတွေ မရှိတော့ပဲ ဘယ် Device မှာ ပဲဖြစ်ဖြစ် အလွယ်တကူ လက်တင်သုံးနိုင်တာမျိုးကြောင့်ပဲ။
Unicode မပေါ်ခင် ထွက်ရှိခဲ့တဲ့ device တွေမှာ ရဖို့ နည်းနည်းလောက်ခက်ခဲမယ် ဒါမှမဟုတ် ဖုန်း setting ကို လုံးဝနားမလည်လို့ စိတ်ရှုပ်တယ်ဆိုရင် ကျွန်တော်တို့ ဒုက္ခခံရတာ ခဏပါပဲ။ မြန်မာစာကို Global အနေအထား World wide အနေအထားမှာ မြန်မာစာ ထည့်မှ မြန်မာလို ဖတ်လို့ရမယ်ဆိုတာမျိုးတွေမရှိတော့ပဲ ဘယ်နေရာရောက်ရောက် ဘယ်အချိန်ဖြစ်ဖြစ် ဖုန်းအကြောင်းနားမလည် မလုပ်တတ်တဲ့လူလည်း မြန်မာစာကို အဆင်ပြေပြေလက်တင်သုံးနိုင်တဲ့ အနေအထားကို ရောက်လာမှာမို့ ခဏစိတ်ရှုပ်စရာတွေကို သည်းခံပေးစေလိုပါတယ်။

ကျေးဇူးတင်ပါတယ်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.