Type Here to Get Search Results !

အချိန်မလွန်ခင်

အချိန်မလွန်ခင် ဖတ်ပါ
ကျွန်တော်တို့အများစုဟာ ဘဝမှာ အမှားတစ်ခုကို ကျူးလွန်မိတတ်ကြတယ်။ အဲဒီအမှားက ဘာလဲဆိုတော့ သင်ယူခြင်းကို ရပ်တန့်လိုက်ခြင်းပါ၊ ကျွန်တော်တို့က အထက်တန်းပညာ ဒါမှမဟုတ် တက္ကသိုလ်မှ ဘွဲ့တစ်ခုရပြီး နောက် လုပ်ငန်းခွင်ထဲရောက်သွားတဲ့အခါ သင်ယူစရာမလိုတော့ဘူးလို့ ထင်ကြတယ်။ လုပ်ငန်းခွင်ထဲရောက်ပြီ အလုပ်ရပြီ ကျောင်းမဟုတ်တော့ဘူး သင်စရာမလိုတော့ဘူးလို့ ထင်မှတ်ကြတယ်။ တကယ်တော့ သင်ယူစရာ လေ့လာစရာတွေက နေရာတိုင်းမှာ ရှိပါတယ်။ နောက်ပြီး အလုပ်ဆိုတာ အာမခံချက်မရှိပါ။ အမြဲတမ်း ဒီအလုပ်က ရှိနေမယ် ကိုယ်က အမြဲတမ်း ဒီအလုပ်ကို လုပ်နေရမယ်ဆိုတာမျိုးမရှိပါဘူး။ ကျွန်တော်တို့ လုပ်ငန်းခွင်ထဲရောက်သွားတယ်။ နောက်အချိန်တွေကြာလာတဲ့အခါ ကိုယ်က အဲဒီအလုပ်မှာ စိတ်ဝင်စားမှု မရှိတာကြောင့်ပဲဖြစ်ဖြစ်၊ အထက်ဌာနကို မကြိုက်လို့၊ ဘာမှမဟုတ်သော်လည်း ငြီးငွေ့လို့ စသဖြင့် အမျိုးမျိုးသောအကြောင်းတွေနဲ့ လက်ရှိအလုပ်ကနေ ထွက်ချင်တာမျိုး ဖြစ်တတ်တယ်။ 

  • အလုပ်လုပ်နေသူဦးရေရဲ့ ၅၀% ဟာလည်း လက်ရှိလုပ်နေတဲ့ အလုပ်မှာ မလုပ်ချင်ကြဘဲ ထွက် ချင်နေကြပါတယ်။ ကိုယ် တိုင်က မပျော်လို့ ထွက်ချင်နေတာတွေအပြင် ကိုယ်လုပ်နေတဲ့ လုပ်ငန်းက ရပ်ဆိုင်းသွားတာမျိုး၊ လုပ်နည်းလုပ်ဟန် လွဲချော်မှုကြောင့် ထုတ်ပယ်ခံမျိုးတွေလည်း ရှိတတ်တယ်။ ဒီလိုအခါမျိုးမှာ ကျွန်တော်တို့ရဲ့ ဒုတိယအိပ်မက် ဒုတိယဘဝမျိုးကို စရတော့မယ်။ နောက်အလုပ်တစ်ခုက ပထမပုံစံနဲ့ လုံးဝမတူတဲ့ အလုပ်မျိုး ပုံစံမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ လခစား မဟုတ်တော့ဘဲ ကိုယ်ပိုင်လုပ်ငန်းဘက်ကိုလည်း ကူးပြောင်းဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ဒါသည် အကြောင်းအချက် တခုဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ လက်ရှိအလုပ်မှာ မပျော်ဘူးဆိုပါတော့။ ဒီပြင်အလုပ်လုပ်ချင်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ဖြစ်ချင်တယ်။ လက်ရှိလုပ်နေတဲ့ အလုပ်ကိုလည်း မစွန့်လွှတ်ဘဲ တွဲလုပ်တာမျိုးဖြစ်ဖြစ်၊ အရှိန်ယူပြီးနောက် ကိုယ်စိတ်ဝင်စားတဲ့အလုပ်ထဲကို ခြေစုံပစ်ဝင်လိုက်တာမျိုးဖြစ်ဖြစ် လုပ်ရမယ်။ အဲဒီလိုမျိုးလုပ်ဖို့ဆိုရင် ကျွန်တော်တို့အတွက် ဘာလိုုအပ်မလဲ။ ကြိုတင်ပြင်ဆင်မှုပါ။ လေ့လာသင်ယူနေမှုလိုအပ်ပါတယ်။ မျက်စိဖွင့်နားစွင့်ပြီး သင်ယူနေရမယ်။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်အကြောင်း၊ အသက်မွေးမှု ပညာရပ်အကြောင်းကို လေ့လာနေရမယ်၊ 
  • အခုလက်ရှိလုပ်နေတဲ့ အလုပ်က ကိုယ်တကယ်ကို စိတ်ဝင်စားတဲ့အလုပ်မျိုးဆိုရင်တော့ ဒီအလုပ်နဲ့ ပတ်သက်တဲ့ ပညာတွေ လုပ်ငန်းနယ်ပယ်တွေကို လေ့လာနေရမယ်။ ဥပမာ (A)လုပ်ငန်းနဲ့ (B)လုပ်ငန်း လုပ်ငန်းသဘာဝချင်းတူတယ်ဆိုပါတော့။ ကျွန်တော် (A) လုပ်ငန်းပဲ အမြဲရှိနေချင်မှ ရှိနေမယ်၊ လုပ်ငန်းပျက်သွားလို့ (B) လုပ်ငန်းကို ပြောင်းလိုက်ရတာလည်း ရှိချင်ရှိမယ်။ အဲဒီအခါမှာ ကိုယ်က လုပ်ငန်းနဲ့ ပတ်သက်ပြီး လေ့လာထားတယ် ကျွမ်းကျင်တယ်ဆိုရင် နောက်လုပ်ငန်းမှာလည်း အဆင်ပြေပြေဝင်လုပ်နိုင်ပါတယ်။ ထိုနည်းတူစွာပါပဲ ကိုယ်က အလုပ်လုပ်နေရင်း ကွန်ပျူတာကို ကောင်းကောင်း ကျွမ်းကျင်အောင် လေ့လာတာပဲဖြစ်ဖြစ်၊ ဘာသာစကားတွေကို ပြောတတ်ဆိုတတ် အသုံးချတတ်အောင် သင်ယူတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီဇိုင်းပိုင်းတွေ ဝါသနာပါလို့ ဒီဇိုင်းပညာကို လေ့လာတာမျိုး၊ ကိုယ်တိုင်ဖန်တီးရတာဝါသနာပါလို့ စက်ချုပ်ပညာစတာတွေလေ့လာတာမျိုးတွေ လေ့လာလို့ရတယ်။ သင်ယူလို့ရပါတယ်။ အချက်အပြုတ်ကို ဝါသနာပါတဲ့လူဆိုရင် ဟင်းအမယ်အမျိုးအစားတွေကို လေ့လာသင်ယူထားမယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်ကနေ လုံးဝကို ထွက်ချင်လာတဲ့အခါ အခြားအလုပ်လည်း စိတ်မဝင်စားရင် အနည်းဆုံး ကိုယ်ပိုင်အစားအသောက်ဝန်ဆောင်မှု ဆိုင်လေးတော့ လုပ်နိုင်ပါတယ်။ 
  • အခြားပညာရပ်တွေလည်း ဒီတိုင်းပါပဲ။ ဒီလိုလေ့လာတယ် သင်ယူတယ်ဆိုတာလည်း ဘယ် နှစ်လပြတ် သင်တန်းတက်မှတို့ ဘယ်လိုအချိန်ရမှတို့ စသဖြင့် လုပ်မှ တတ်တာ ပညာရတာ မဟုတ်ပါဘူး။ လုပ်ရင်းကိုင်ရင်းနဲ့ ကိုယ်အချိန်ရရင် ရသလို အချိန်လေးနည်းနည်းပဲဖြစ်ဖြစ် လေ့လာသွားရင် ရပါတယ်။ ဘဝတစ်လျှောက်လုံးလည်း မွေးကတည်းကနေ သေတဲ့အထိ သင်ယူလေ့လာမှုက အဆုံးသတ်တယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်းသင်ယူနေရတယ်။ လေ့လာနေရပါတယ်။ လုပ်ငန်းခွင်တစ်ခုထဲကို ရောက်သွားရင်လည်း အဲဒီအလုပ်မှာ အမြဲလုပ်နေရမယ်လို့ အာမခံချက် မရှိဘူး။ ကိုယ် ဝါသနာမပါ စိတ်မဝင်စားတဲ့ အလုပ်ကိုလည်း တသက်လုံးလုပ်ရမယ်ဆိုတဲ့ တာဝန်လည်း မရှိပါဘူး၊ ကိုယ် မလုပ်ချင်ရင် ထွက်၊ ကိုယ်တကယ်စိတ်နှစ်နိုင်မယ့် ကိုယ့်တဘဝလုံး ပုံအပ်ပြီးလုပ်နိုင်မယ့် အလုပ်ကိုပြောင်း ဒါမှလည်း ကိုယ့်အတွက် အလုပ် လုပ်ရင်း ပျော်ရတာ ရှိမယ်၊ အဓိပ္ပါယ်ရှိမယ် စိတ်ဝင်စားစရာတွေ တွေ့မယ်။ 
  • ဒီအတွက်တော့ ကိုယ်က အမြဲလေ့လာထားဖို့လိုတယ်။ ပြင်ဆင်ထားဖို့ လိုတယ်။ ဘာမှ မပြင်ဆင်ထားဘဲ တဘက်ကို ရွှေ့လိုက်ရင် မျောက် သစ်ကိုင်းလွတ်သလိုပဲ ဖြစ်မယ်။ ကိုယ်က အလုပ်မှာ ပျော်လို့ လုပ်နေတာဖြစ်ဖြစ်၊ အလုပ်မှာ ဘာရယ်မှမဟုတ် လုပ်နေတာပဲဖြစ်ဖြစ် လုပ်ငန်းခွင်ထဲ ရောက်တာနဲ့ သင်ယူခြင်းတွေ ပြီးသွားပြီလို့ မထင်လိုက်ပါနဲ့။ မမျှော်မှန်းနိုင်တဲ့ အရာတွေဆိုတာ အမြဲတမ်းဖြစ်တတ်တယ်။ လေ့လာပါ၊ သင်ယူပါ၊ ပြင်ဆင်ထားပါ။ အတတ်ပညာမှာ ပိုတယ်ဆိုတာ မရှိပါဘူး။ ကိုယ် သင်ချင်တဲ့ ပညာကိုသင်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ “အမြဲလေ့လာသင်ယူပါ။”



                                                                                                                                  သူရိန်
                                                                                                                              22.7.2019 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.