Tuesday, February 5, 2013

အပေးအယူ

`သားငယ် မှိုင်လားချည်လား နေမကောင်းဘူးလား´ ဧည့်ခန်းထဲမှ ဖခင်က သူ့သားတစ်ယောက် အမူအယာ မရွှင်ပျ၍
လှမ်းမေးလိုက်သည်။
ကလေးငယ်က ´သားနေကောင်းပါတယ် ဖေဖေ သားစိတ်ညစ်နေလို့ပါ` ဟုပြန်ဖြေသည်။
ဖခင်ဖြစ်သူ အံ့သြသွားသည်။
ဖခင်-ဟေ သားက စိတ်ညစ်နေတယ် ဟုတ်လား ဘာဖြစ်လို့လဲ ဖေဖေတို့ပေးတဲ့ မုန့်ဖိုးက နည်းလို့လား´
သား-မဟုတ်ပါဘူး ဖေဖေ သားကိုကျောင်းက အတန်းဖော်တွေက သိပ်ပြီး မခင်ကြလို့ပါ။ သူတို့က အခြားလူတွေနဲ့ ယှဉ်ရင် သားကို မခင်ကြဘူး´
ဖခင်-ဘာဖြစ်လို့လဲ သားက ရန်ဖြစ်လို့လား´
သား-မဟုတ်ပါဘူး သား ရန်မဖြစ်ပါဘူး၊ သားကိုယ့်ဘာသာ နေတာပါ´
ဖခင်-သားက သူတို့အတွက်ဘာလုပ်ပေးလဲ´
သား-သားက သူတို့အတွက် ဘာလုပ်ပေးစရာ လိုအပ်လို့လဲ ဖေဖေ၊´
ဖခင်-လိုအပ်တာပေါ့ ဥပမာ သူတို့ကို ဖော်ဖော်ရွေရွေ ပြုံးပြတာတို့ ကြင်ကြင်နာနာ ကူညီတာတို့ မလုပ်ပေးဘူးလား`
သား-ဟင့်အင်း ဖေဖေ သား အဲဒီလိုမျိုး မလုပ်ပေးဖြစ်ဘူး´
`ခဏလေး သားငယ်´ ဖခင်က ပြောပြောဆိုဆိုဖြင့် အိပ်ခန်းတွင်းသို့ဝင်သွားသည်။ ချက်ချင်းဆိုသလို ပြန်ထွက်လားပြီး လက်ထဲတွင်လည်း
မှန်ငယ်တစ်ချပ်ကို ယူလာခဲ့သည်။ နောက်တော့ သူက မှန်ကို ကလေးငယ်ဆီကို လှမ်းပေးလိုက်ပြီး
ဖခင်- ရော့သား သား ဒီမှာကြည့်လိုက်
သား- ဒီမှန်က ဘာအတွက်လဲ ဖေဖေ
ဖခင်- မှန်ကို ကြည့်လိုက်လေ
သာ- မှန်ကိုကြည့်တော့ သားရုပ်ကိုတွေ့တယ်လေ
ဖခင်- ပုံမှန်အတိုင်းပဲ တွေ့တယ်မဟုတ်လား။
သား- ဟုတ်ကဲ့ ဖေဖေ
ဖခင်- ဒါဆိုရင် ပြုံးပြီးကြည့်လိုက်
သား- မှန်ထဲက သားရုပ်က ပြုံးနေတာပေါ့ ဖေဖေ
ဖခင်- မဲ့ပြီးကြည့်ပါဦး ဘယ်လိုတွေ့လဲ
သား- မှန်ထဲက သားရုပ်က မဲ့နေတယ်လေ ဖေဖေ
ဖခင်- အဲဒါပဲ သားငယ်ရဲ့ လောကမှာလည်း မှန်တစ်ချပ်လို၊ ကိုယ်က ပြုံးပြမှ သူကပြုံးပြမယ်။ ကိုယ်ကကောင်းမှ သူကကောင်းမယ်။ ခင်မင်မှု
လိုချင်ရင် ခင်မင်မှုပေးရတယ်။ လောကမှ ဘာမှမပေးဘဲနဲ့ ဘာမှမရဘူးလေ။ ပေးရတာ အနည်းအများတော့ ကွာချင်ကွာမှာပေါ့။
သားက သူငယ်ချင်းကောင်းတွေလိုချင်ရင် သားကိုယ်တိုင် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားရတယ်။ သားက အောင်မြင်မှုကို
လိုချင်ရင် သားကိုယ်တိုင် အောင်မြင်မှုနဲ့ထိုက်တန်အောင် လုပ်ရလိမ့်မယ်။ အဲဒါသဘာဝပဲ။

No comments:

Post a Comment