Friday, January 18, 2013

ကျေးဇူးပြု၍ ပြောပေးပါ


ကျေးဇူးပြု၍ ပြောပေးပါ
------------------------
(ကျဆုံးသွားသည့် စစ်သည်များအတွက်)

ဒါဏ်ရာနက်နက် ကျည်ဆံချက်ဖြင့်
ငါသေတော့မည် ငါသိသည်
အိမ်ဝေးစစ်မြေ ဤတောင်ခြေတွင်
ငါသွေးရဲရဲ ခန္ဓာစဲသည်
ငါ့မိသားစု မျက်ရည်စုကို
ဘယ်သူငို၍ပြိုင်မည်လဲ
မိဘနှစ်ပါး ဆွေးမျိုးများအား
ငါကားသတိ ရရှိသွားကြောင်း
ကျေးဇူးပြု၍ ပြောပေးပါ
စစ်ထွက်ခါနီး ကိုယ်ဝန်ကြီးနှင့်
အိမ်သူသက်ထား ဇနီးအားလည်း
ဤပန်းကလေး ဆောင်ယူပေး၍
ကိုယ့်တိုင်းကိုယ့်ပြည် ကောင်းစားစည်ရန်
ငါကားအသက် ပေးအပ်သွားသည်
မငိုပါနဲ့ ဂုဏ်ယူပါ
ငါ၏သားငယ်း အခါလည်တွက်
မက်မောအမွေ မရှိလေလည်း
ငါ၏ဦးထုပ် ဖိနပ်စုတ်နှင့်
ရင်မှာထိုးချိတ် နိုင်ငံတံဆိပ်အား
အမွေအဖြစ်ပေးလှည့်ပါ
ငါ၏ညီတော် စစ်သည်တော်များ
ငါ့မှာစကား နားထောင်ထားကြ
ငါတို့ပေးဆပ် နိုင်ငံမြတ်ကို
သစ္စာစောင့်သိ ကာကွယ်ပါ
တိုက်ဖော်တိုက်ဖက် ရန်သူဘက်ကို
တိုက်ခဲ့ခိုက်ခဲ့ ပစ်ခတ်ခဲ့လည်း
ပြည်ထောင်စုဖွား ညီအစ်ကိုများမို့
ငါမမုန်းကြောင်းပြောလှည့်ပါ
ဆုတောင်းတစ်စု ထပ်လောင်းပြုက
တို့ပြည်ထောင်စု သာယာစေ
တရားသောစစ် အောင်ပါစေ။
ငါကားပြောချင် နောက်ဆုံးနေဖြင့်
အဆုံးအသက် ငါမထွက်ခင်
နိုင်ငံတော်အား အလေးပြုသွားကြောင်း
ကျေးဇူးပြု၍ ပြောပေးပါ။

သူရိန်သော်တာ
Tuesday, January 15, 2013
08:57:53

No comments:

Post a Comment