Saturday, October 27, 2012

တို့ဂီတ တို့စာပေ တို့ရိုးရာ

တိုးတက်ခေတ်မီ ခေတ်ရေပြင်တွင်
ဂီတမျိုးစုံ စာမျိုးစုံကို
ကြိုက်နှစ်သက်ရာ နားဆင်နိုင်၏
သို့ပါသော်လည်း တို့ပိုင်ဆိုင်ရာ
မြန်မာ့ဂီတ မြန်မာ့အသံ
အိုးစည်ဗိန်မောင်း ငြိမ့်ငြိမ့်ညောင်းကို
ဂုဏ်ရည်တိုးမြင့် လုပ်ဖို့သင့်၏

သိပ္ပံအကြောင်း ဘ၀ကြောင်းနှင့်
အချစ်အမုန်း စာမျိုးစုံကို
ကြိုက်နှစ်သက်ရာ ရေးဖတ်နိုင်၏
သို့ပါသော်လည်း ငါတို့အသက်
စာပေမြင့်မှ လူမျိုးတင့်မို့
ငါတို့မြတ်နိုး စာတန်ဖိုးကို
ဂုဏ်ရည်တိုးမြင့် လုပ်ဖို့သင့်၏

ခေတ်နှင့်အညီ ညီမှဖြစ်ဟု
မှတ်ထင်မြင်က ၀တ်စားစုံစုံ
ဆေးဖုံဖုံကို ချယ်သနိုင်၏
သို့ပါသော်လည်း ငါတို့ပိုင်ဆိုင်
သနပ်ခါးမွှေးနှင့် ၀တ်စုံလေးကို
သူတို့မြတ်နိုး လေးစားဖို့တွက်
ဂုဏ်ရည်တိုးမြင့် ပြဖို့သင့်၏

ငါတို့ဂီတ တို့ဘ၀ဟု
မှတ်ထင်မရှိ ပစ်ပယ်မိက
ဂီတမရှိ တို့နတ္ထိဟု...

ငါတို့အသက် စာပေမြတ်ကို
တန်ဖိုးမထား မလေးစားက
စာပေမရှိ တို့နတ္ထိဟု...

ငါတို့ပိုင်ဆိုင် ရိုးရာမွေးနှစ်
အနှစ်းမရှိ မှတ်ထင်မိက
ရိုးရာမရှိ တို့နတ္ထိဟု...

နတ္ထိများစွာ ဖြစ်လာချေက
ဘာမျှမရှိ နတ္ထိလူမျိုး
အဖြစ်ဆိုးနှင့် မကြုံစေရန်
စာပေဂီတ ရိုးရာမွေနစ်
အမွေစစ်ကို မမေ့မပျောက်
လေးစားနှစ်သက် ထိန်းသိမ်းအပ်၏

No comments:

Post a Comment